အပြည်ပြည်ဆိုင်ရာ ယောဂနေ့မှာ အိန္ဒိယစစ်တပ်ဖွဲ့တွေ လေယာဉ်တင်သင်္ဘောပေါ်မှာ ယောဂ ကျင့်

အပြည်ပြည်ဆိုင်ရာ ယောဂနေ့မှာ အိန္ဒိယစစ်တပ်ဖွဲ့တွေ လေယာဉ်တင်သင်္ဘောပေါ်မှာ ယောဂ ကျင့်

မွမ်ဘိုင်း၊ ဇွန် ၂၁ ။          ။ ဒီကနေ့ ဇွန် ၂၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့မှာ အိန္ဒိယစစ်တပ်ဖွဲ့အချို့ဟာ မွမ်ဘိုင်းမှာ ကျောက်ချထားတဲ့ လေယာဉ်တင်သင်္ဘောပေါ် ယောဂကျင့်ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအတူပဲ နိုင်ငံရဲ့ အကြီးအကဲ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီကိုယ်တိုင် ဦးဆောင်ပြီး ဂျဟာခန်ပြည်နယ်မှာ လူပေါင်း သုံးသောင်းနီးပါး စုပေါင်းယောဂ ကျင့်ခဲ့ကြပါတယ်။

သူရိန်နေမင်းသို့ နှုတ်ခွန်းဆက်ခြင်းနဲ့ အခြားသော ကိုယ်ခန္ဓာ မူဟန်ထားသိုမှု ယောဂကျင့်စဉ် နည်းနာအမျိုးမျိုးကို မိုဒီက ဦးဆောင်ရင်း စုပေါင်း ကျင့်ကြံကြတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ယောဂကျင့်စဉ်ဟာ ဒီကနေ့ ခေတ်မှာ ကမ္ဘာတစ်ဝန်းဆီ ပျံ့နှံ့ခေတ်စားနေတဲ့ ရှေးဟောင်း ကျင့်စဉ်နည်းနာတွေလည်း ဖြစ်ပါတယ်။

ယောဂနေ့ သတ်မှတ်ဖို့ကို ဝန်ကြီးချုပ် မိုဒီက စတင်စိတ်ကူးပုံဖော်ပြီး ၂၀၁၄ မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တစ်ညီတစ်ညွတ်တည်း အတည်ပြုပေးခဲ့ကာ ၂၀၁၅ မှာ ပထမဆုံး အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို စတင် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

“ဒီ ကမ္ဘာမြေမှာ အမုန်းတရားတွေဟာ ညီရင်းအစ်ကိုတွေကိုတောင် စိတ်ဝမ်းကွဲပြားသွားစေနိုင်ပါတယ်။ ယောဂက တစ်စိတ်တည်း တစ်ဝမ်းတည်း ပေါင်းစည်းအားပါပဲ။ တစ်ချိန်တည်းမှာပဲ မကောင်းမွန်တဲ့ ကျန်းမာရေး အထူးသဖြင့် စိတ်ဖိအားများတာနဲ့ ဆက်စပ်ပြီး ဖြစ်ပွားတဲ့ မကျန်းမာမှုတွေကို ယောဂက ဖြေလျော့သက်သာစေပြီး ပျော်ရွှင်ချမ်းမြေ့မှုကို ပေးစွမ်းပါတယ်။”လို့ မိုဒီက တွစ်တာကနေ ရေးသားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly