ပြီးခဲ့သည့်ရာသီကထက် ၀ိတ်တက်လာပြီး ရာသီအစတွင် ပုံစံကောင်းမရခဲ့ကြောင်း ကော်စတာဝန်ခံ

ပြီးခဲ့သည့်ရာသီကထက် ၀ိတ်တက်လာပြီး ရာသီအစတွင် ပုံစံကောင်းမရခဲ့ကြောင်း ကော်စတာဝန်ခံ

လန်ဒန်၊ အောက်တိုဘာ ၉ ။         ။ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက ရာသီကြိုခြေစမ်းပွဲများကစားရန် အသင်းသို့ပြန်ရောက်လာချိန်တွင် အနည်းငယ် ဝိတ်တက်နေပြီး ရာသီအစတွင် ပုံစံကောင်းပျောက်ဆုံးနေခဲ့ကြောင်း ဝန်ခံ ပြောဆိုလိုက်သည်။

ထို့အပြင် ကော်စတာက ချယ်လ်ဆီးအသင်း၏ လက်ရှိအခြေအနေအတွက် ကစားသမားများအပေါ်တွင် ပိုမိုတာဝန်ရှိပြီး ကစားသမားများကိုသာ ပိုမိုအပြစ်တင်သင့်ကြောင်း နည်းပြမော်ရင်ဟိုကို ကာကွယ် ပြောကြားခဲ့သည်။

'ပြီးခဲ့တဲ့ ငါးပတ် ခြောက်ပတ်လောက်မှာ ကျွန်တော့်ရဲ့ ပုံစံက အကောင်းဆုံးမှာ ရှိမနေပါဘူး။ ကြံခိုင်မှုပိုင်းလည်း ပါပါတယ်။ ဒါ ကျွန်တော်ရိုးသားစွာ ဝန်ခံတာပါ။

ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ ကျွန်တော် ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီနောက် အားလပ်ရက်ရခဲ့ပါတယ်။ အဲ့ဒီကာလမှာ ကျွန်တော့်အနေနဲ့ နေထိုင်စားသောက်ပုံ မှားယွင်းခဲ့တယ်လို့ ထင်ပါတယ်။ အသင်းကို ပြန်ရောက်ချိန်မှာ ကျွန်တော့်ရဲ့ နဂိုအနေအထားမျိုး ရှိမနေတော့ပါဘူး။ ဝိတ်လည်းအနည်းငယ်တက်လာပါတယ်။ ဒီအကျိုးဆက်က ပြိုင်ပွဲကစားတဲ့အခါမှာ ရိုက်ခတ်လာခဲ့ပါတယ်။

ဒီအချိန်မှာ တစ်ကိုယ်ကောင်းဆန်ပြီး နည်းပြကို အပြစ်တင်လို့ရပါတယ်။ ဒါပေမဲ့ ဒါမျိုးကျွန်တော်မလုပ်ပါဘူး။ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကစားသမားတွေကို အပြစ်တင်သင့်ပါတယ်။ ကျွန်တော်တို့ဟာ ၁၀၀ ရာခိုင်နှုန်းအပြည့် ပုံစံကောင်းမရခဲ့ပါဘူး။ အသင်းကို ပြန်ရောက်လာချိန်မှာတော့ ယုံကြည်မှုအပြည့်နဲ့ ပြီးခဲ့တဲ့ ရာသီကလို လုပ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့ မှာတော့ မြင်နေရတဲ့ အတိုင်းပါပဲ' ဟု ကော်စတာက ပြောသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကစားပြီးချိန်၌ ရမှတ် ရှစ်မှတ်သာ ရရှိထားပြီး အဆင့် ၁၆ နေရာတွင် ရပ်တည်လျက်ရှိသည်။

ကော်စတာက မော်ရင်ဟိုအနေဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းမှာ ၎င်းသည် ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပြီး မော်ရင်ဟို ဖြစ်နေခြင်းကြောင့်ဟု ပြောဆိုခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly