ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး ပုံမှန်ဖြန့်ဖြူးမည် ဖြစ်ပြီး အရေးပေါ်မှသာ ယာယီပိတ်မည်

ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး ပုံမှန်ဖြန့်ဖြူးမည် ဖြစ်ပြီး အရေးပေါ်မှသာ ယာယီပိတ်မည်
ဓာတ်ပုံ - EPA

ဇွန် ၂၁ ။                   ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း  ဇွန် ၂၂ ရက်မှ စတင်ပြီး လျှပ်စစ်ဓာတ်အားပုံမှန်အတိုင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေမှသာ ယာယီဓာတ်အားပိတ်မည်ဟု ရန်ကုန်တိုင်းလျှပ်စစ်ကော်ပိုရေးရှင်းမှ ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဧပြီလ တတိယပတ်မှစ၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် အလှည့်ကျ ဝန်အား လျှော့ချခြင်းများကို စတင်ဆောင်ရွက်ခဲ့ရာ ဇွန် ၂၂ ရက်မှစတင်ပြီး အလှည့်ကျ ဝန်အားလျှော့ချခြင်းများ ဆောင်ရွက်မှု မပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်များအတွင်း မဖြစ်မနေ ထိန်းသိမ်းပြုပြင်ရမည့် အရေးပေါ်အခြေအနေမျိုး ၌သာ ဓာတ်အားပိတ်ချိန်အနည်းဆုံးဖြင့် သာယာယီဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားခြင်း ဖြစ်သညိ်။

ယခင် ဝန်အား လျှော့ချရာ၌ မေလအတွင်းက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ၆၀၀ မဂ္ဂါဝပ်မှ ၈၀၀ မဂ္ဂါဝပ်ခန့် လျှော့ချခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မိုးဦးရာသီကာလရောက်ရှိလာပြီ ဖြစ်၍ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှာလည်း ဓာတ်အားများ တိုးတက် ထုတ်လုပ်ပေးနိုင်ရန် အလားအလာ ရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly