အိန္ဒိယတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျ၍ လူ ၄၄ ဦး သေဆုံး

အိန္ဒိယတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျ၍ လူ ၄၄ ဦး သေဆုံး

ဇွန် ၂၁ ။          ။ အိန္ဒိယနိုင်ငံ ဟီမာချယ် ပရာဒက်ရှ် ပြည်နယ်မှာ ဇွန်လ ၂၀ ရက်က ဘတ်စ်ကားတစ်စီး ချောက်နက်ကြီးတစ်ခုထဲ ထိုးကျသွားခဲ့လို့ အနည်းဆုံး လူ ၄၄ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း ဖြစ်စဉ်ကြောင့် အခြား လူ ၂၈ ဦးဟာလည်း ဆေးကုသမှု ခံယူနေရလျက်ရှိကြောင်း၊ ၎င်းတို့အနက် အများစုဟာ ပြင်းထန် ဒဏ်ရာတွေ ရရှိသွားကြောင်း သိရပါတယ်။

လူ အပြည့်အသိပ် တင်ဆောင်လာတဲ့ ပုဂ္ဂလိကပိုင် အဆိုပါဘတ်စ်ကားဟာ ပြည်နယ် တောင်တက်လမ်းတစ်ခုပေါ်မှာ လမ်းချော်ပြီး အမြင့်ပေ ၅၀၀ ရှိ ချောက်နက်တစ်ခုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း၊ အလုပ်နဲ့ ကျောင်းကနေ ပြန်လာကြသူတွေဖြစ်ကြောင်း သိရပါတယ်။

ယင်းဘတ်စ်ကားဟာ ခရီးသည် ၆၀ ကျော် တင်ဆောင်မောင်းနှင်လာခဲ့ပြီး အများစုက ကားခေါင်မိုးပေါ်မှာ လိုက်ပါစီးနင်းလာခဲ့တယ်လို သိရပါတယ်။

ယခု ဖြစ်စဉ် ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေလျက် ရှိကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly