ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း စပိန်တိုက်စစ်မှူးဟောင်း တောရက်စ် ကြေညာ

ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း စပိန်တိုက်စစ်မှူးဟောင်း တောရက်စ် ကြေညာ

စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ တိုက်စစ်မှူး တောရက်စ်က သူဟာ ဘောလုံးကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အသက် (၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောရက်စ်ဟာ အက်သလက်တီကို၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ သူ့ရဲ့ကစားသမားဘဝ (၁၈)နှစ်ကြာ ကစားခဲ့ပြီး လက်ရှိမှာ ဂျပန်ရဲ့ ဂျေဝမ်းလိဂ်ကလပ် ဆေဂန် တိုဆုအသင်းမှာ ကစားနေသူဖြစ်ပါတယ်။

သူဟာ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၁၀)ပွဲ ပါဝင်ကစားခဲ့ရာမှာ ယူရို ၂၀၀၈ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့သလို ယူရို ၂၀၁၂ ဗိုလ်လုပွဲမှာလည်း ဂိုးသွင်းယူခဲ့ပြီး ဖလား (၂)ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

"စိတ်လှုပ်ရှားစရာကောင်းတဲ့ (၁၈)နှစ်တာဖြတ်သန်းပြီးတဲ့နာက်မှာတော့ ကျနော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ အချိန်ကျလာပါပြီ။"လို့ သူက တွစ်တာမှာ ပြောဆိုထားပါတယ်။

တောရက်စ်က သူဟာ "အသေးစိတ် အချက်အလက်အားလုံးကို ရှင်းပြဖို့" တနင်္ဂနွေနေ့၊ တိုကျိုမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ပြောပါတယ်။

သူ့ရဲ့ကစားသမားကို အက်သလက်တီဂိုအသင်းမှာ စတင်ခဲ့ပြီး အဲဒီနောက် ၂၀၀၇ ခုနှစ်မှာ လီဗာပူးလ်အသင်းကို ပေါင်သန်း (၂၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် (၁၄၂)ပွဲကစားခဲ့ရာ (၈၁)ဂိုး သွင်းယူခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ သူဟာ ဗြိတ်တန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) နဲ့ ချယ်လ်ဆီးအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။

သူဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့ ဂိုးသွင်းပုံစံ ကျဆင်းခဲ့ပေမယ့်လည်း အပြာရောင်ခြင်္သေ့တွေနဲ့အတူ ၂၀၁၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူခဲ့ပါတယ်။

သူဟာ ဘင်ဖီကာကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၁၃ ယူရိုပါလိဂ်ဗိုလ်ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ဖလားဆွတ်ခူးခဲ့သလို အက်ဖ်အေဖလားကိုလည်း ရယူခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly