အချိုအရမ်းကြိုက်တဲ့ကလေး လျှော့စားဖြစ်အောင် ဘယ်လိုလုပ်ထိန်းရမလဲ

အချိုအရမ်းကြိုက်တဲ့ကလေး လျှော့စားဖြစ်အောင် ဘယ်လိုလုပ်ထိန်းရမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သကြားလုံးကြိုက်တယ်၊ ဂျယ်လီကြိုက်တယ်၊ အချိုရည်ကြိုက်တယ် ဆိုတာ ကလေးသဘာဝပါပဲ။ ကလေးတွေက လူကြီးတွေထက် အချိုပိုကြိုက်ကြပါတယ်။ ငိုနေရင်တောင် သကြားလုံးလေးပေးလိုက်ရင် ငြိမ်သွားတာမျိုး၊ အချိုရည်လေးတစ်ငုံပေးလိုက်ရင် ကျေနပ်နေသွားတာမျိုး၊ လက်ဆောင်ပေးလို့ သကြားလုံး၊ဂျယ်လီလေးတွေပေးရင်လည်း သိပ်သဘောကျ။ ဒါပေမယ့် ဒါတွေက များလာရင် ကလေးအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တယ်ဆိုတာ မေမေတို့ သိထားသင့်ပါတယ်။
အချိုစွဲလမ်းခြင်း

အချိုစားတာများလွန်းရင် မစားရမနေနိုင်စွဲလမ်းတဲ့အဆင့်ကိုရောက်ပြီး လူရောစိတ်ပါ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ အချိုစွဲလမ်းခြင်းဆိုတာ အစားအသောက်စွဲလမ်းမှုတစ်မျိုးဖြစ်ပြီး ဆေးစွဲသလိုကို ဖြစ်စေနိုင်ပါတယ်။ကလေးက အချိုမစားရတာနဲ့ စိတ်အပြောင်းအလဲမြန်၊ စိတ်တိုစိတ်ဆတ်လာတာ၊ တုန်တုန်ရီရီဖြစ်တာ၊ တက်ကြွလှုပ်ရှားမှုလွန်ကဲတာ၊လေးကန်ထိုင်းမှိုင်းတာတွေဖြစ်လာနိုင်တယ်။အချိုစားတာများရင် အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်း(အာဟာရဓာတ်တွေအလုံအလောက်မရနိုင်လို့)နဲ့ သွားပိုးစားခြင်းစတဲ့ ဆိုးကျိုးတွေကလည်းရှိတယ်။

ဒါ့ကြောင့် ဒီလိုအလွန်အကျွံစွဲလမ်းတဲ့အဆင့်ကို အရောက်မခံဘဲ ကလေးကို စားသောက်ပုံအမူအကျင့်အချိန်မီပြောင်းလဲပေးဖို့လိုပါတယ်။ အချိုလုံးဝမစားရဘူးဆိုတာတွေမလုပ်ဘဲ မေမေတို့ ဉာဏ်ကောင်းဖို့တော့ လိုတာပေါ့နော်။

အချိုရည်တွေကို အိမ်မှာ အလွယ်တကူသောက်ဖို့ဝယ်မထားပါနဲ့

အိမ်မှာ အသင့်ရှိနေရင် ကလေးက တောင်းနေမှာ၊ တစွတ်စွတ်သောက်နေမှာသေချာတာပေါ့။ မတိုက်ရင်လည်း တော်တော်ဂျီကျမှာနော်။ ကိုယ်တိုင်ဖျော်တဲ့ အချိုလျှော့အသီးဖောျ်ရည်ကို အချိုရည်ဘူးခွံ ဒါမှမဟုတ် လှတပတဘူးလေးတွေထဲထည့်ပါ။ ကလေးတွေသောက်လည်း ဘေးမဖြစ်စေဘူး၊ အချိုနည်းလို့မကြိုက်ကြဘူးဆိုလည်း အချိုရည်တွေ အများကြီးမသောက်ဖြစ်တော့ဘူးပေါ့။

အချိုပွဲကျွေးတဲ့ အချိန်သီးသန့်သတ်မှတ်ထားပါ

ထမင်းစားပြီးနှစ်နာရီလောက်အကြာ သရေစာစားချိန်မှာ အချိုပွဲ သို့မဟုတ် မုန့်ကျွေးတာမျိုး သတ်မှတ်ထားပေးပါ။ သကြားလုံးတွေ၊ အချိုတွေကိုစားချင်တဲ့အချိန် ထစားတာထက် အချိန်တစ်ခုသတ်မှတ်ထားတဲ့အခါ အကန့်အသတ်တစ်ခုဖြစ်သွားစေတာပေါ့။  ကျွေးတဲ့အချိုပွဲကလည်း ကိုယ်တိုင်လုပ်တဲ့မုန့်တွေ၊ အသီးအနှံလေးတွေကို ပြင်ဆင်ထားတာဆို ပိုကောင်းပါတယ်။ ဂျယ်လီတို့၊ ကွတ်ကီးတို့ဆိုလည်း အချိုပါဝင်မှုနည်းတာ၊ အရောင်တု၊ အနံ့တု၊သကြားတု မပါတာကို ရှာဝယ်ထားပါ။

အသီးအနှံလေးတွေ အကျင့်လုပ်ကျွေးထားပါ

ကလေးကို အသီးအနှံတွေ မကြာခဏကျွေးပါ။ ဒိန်ချဉ်လေးနဲ့ အသီးလေးတွေ စီစဉ်ပေးတာမျိုး၊ သစ်သီးယိုထိုးပေးတာမျိုး(အချိုလျှော့ထားမယ်)၊ သစ်သီးစုံရေခဲချောင်းလုပ်ကျွေးတာမျိုး မကြာခဏအကျင့်လုပ်ပေးထားပါ။ စျေးကွက်က အပြင်စာတွေ အဆက်မပြတ်စားနေတာထက်စာရင် ဘေးဖြစ်တာနည်းစေနိုင်ပါတယ်။

ကိုယ်တိုင်လည်း ဆင်ခြင်ပါ

ကလေးကိုတော့ စားချင်တိုင်းမစားရအောင် ကန့်သတ်ထိန်းနေပြီး သူ့ရဲ့စံပြဖြစ်နေတဲ့မိဘက အချိုတွေ၊ အပြင်စာတွေချည်းထိုင်စားနေမယ်ဆို မတရားရာကျပါတယ်။ကလေးရဲ့စိတ်မှာလည်း လူကြီးလစ်ရင် မတည့်တာတွေခိုးစားဖို့ တွေးလာနိုင်ပါတယ်။ တကယ်က ကလေးကိုယ်တိုင်လိုလိုလားလားနဲ့ အချိုလျှော့စားဖြစ်လာအောင် ဖန်တီးကျင့်ယူပေးရမှာပါ။ အသီးတွေ၊ကျန်းမာရေးနဲ့ညီတာတွေကို မေမေတို့က ကလေးရဲ့ရှေ့မှာ စားပြမယ်ဆို လိုက်စားကြည့်မှာပဲ။ ဟိုဟာမစားရဘူး၊ ဒါပဲစားရမယ် ဆိုတဲ့အတင်းအကျပ်စီမံမှုတွေထက် တဖြည်းဖြည်းချင်း ညင်သာစွာသိမ်းသွင်းယူပါနော်။

ဘာတိုက်တိုက် နှစ်ခါပြန်စဉ်းစားပါ

ကလေးကို အားရှိအောင်၊ အာဟာရဓာတ်တွေရအောင်၊ ဉာဏ်ထက်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ သောက်စရာတွေမျိုးစုံတိုက်ကြပါတယ်။ မုယောစပါးအခြေခံတဲ့သောက်စရာတွေ၊ အသင့်သောက်နို့၊ ပဲနို့ စတာတွေအစုံပါပဲ။ ဒါတွေမတိုက်ခင်မှာ သူတို့မှာ အချိုဘယ်လောက်ပြင်းသလဲ ပြန်စဉ်းစားပါ။ ဒီလောက်ချိုတာတွေ ကလေးကိုနေ့တိုင်းစွဲတိုက်လို့ဖြစ်ပါ့မလားဆိုတာ မေမေတို့ဆုံးဖြတ်ရမှာပါ။ ခုနက ရည်ရွယ်ချက်တွေအတွက်ဆို အချိုနည်းတဲ့ ဖြည့်စွက်အာဟာရတွေ၊ နို့တွေ ကိုရွေးချယ်တာပိုကောင်းပါလိမ့်မယ်။

အချိုစားများတဲ့ကလေးကို ဒီနည်းလေးတွေသုံးပြီး ထိန်းကြည့်လိုက်ပါ။ အတင်းအကျပ်နည်းကို မသုံးဘူးဆိုရင် စိတ်ရှည်သည်းခံတဲ့ မေမေတို့ရဲ့ ကြင်နာမှုတွေကို ကလေးဘက်က တုံ့ပြန်လာပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly