အန်တိုနီယာပြောသည့် အမျိုးသမီးများ အခွင့်အလမ်းများလာသော အားကစားလောက

အန်တိုနီယာပြောသည့် အမျိုးသမီးများ အခွင့်အလမ်းများလာသော အားကစားလောက

မျက်မှောက်ခေတ် အားကစားလောကတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အထူးအရေးပါသော နေရာတစ်ခုတွင် ပါဝင်လာပြီဖြစ်သည်။ မည့်သည့် အားကစားတိုင်းမဆို အမျိုးသမီးများ ကိုယ်တိုင် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ ယှဉ်ပြိုင်လာနိုင်ခဲ့သည်။ အထူးသဖြင့် ကိုယ်ခံပညာနှင့် ပတ်သက်သည့် အတိုက်(တိုက်ခိုက်ယှဉ်ပြိုင်ရေး) များတွင်၌ပင် အမျိုးသမီးများက အမျိုးသားများ တန်းတူ နေရာယူယှဉ်ပြိုင် ကစားလာနိုင်ခဲ့သည်။

ကမ္ဘာ့ဦး အစောပိုင်း အားကစားလောက၌ပင် အမျိုးသမီးများသည် အမျိုးသားများနည်းတူ အားကစား၌ ပါဝင်ပတ်သက်ခဲ့ကြသည့် မှတ်တမ်းများစွာလည်းရှိသည်။ ဂရိနိုင်ငံ၏ ရှေးအကျဆုံး အိုလံပစ်ပြိုင်ပွဲများနှင့် တစ်ချိန်တည်းတွင်ပင် Heraean Games ဟုခေါ်ဆိုသည့် အမျိုးသမီးများ ယှဉ်ပြိုင် ကစားရသည့် အားကစားပြိုင်ပွဲများ ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုစဉ်က အမျိုးသမီး အပြေးပြိုင်ပွဲများ၏ ခရီးအကွာအဝေးသည် အမျိုးသားများ၏ အပြေးပြိုင်ပွဲထက် ၆ဆ ၁ ဆ တိုတောင်းသည်။ အနိုင်ရရှိသောသူသည် အမျိုးသားများနည်းတူ သံလွင်ခက် သရဖူကို ဆင်မြန်းခွင့်ရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အန်တိုနီယာက လက်ရှိကမ္ဘာကြီးတွင် အားကစား လောက၌ အမျိုးသမီး အခန်းကဏ္ဍသည် အထူးတလည် ကြီးမားဖွံ့ဖြိုးလျက်ရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

“ ဘောလုံးမှာဆိုရင် အမျိုးသားတွေ ယှဉ်ပြိုင်ကစားရတဲ့ ကမ္ဘာ့ဖလားလိုပြိုင်ပွဲမျိုးကို အမျိုးသမီးတွေမှာလည်း တန်းတူ Women’s World Cup ဆိုပြီးရှိတယ်။ ဒီလိုပွဲတွေကိုလည်း ပရိသတ်တွေက အပြည့် စိတ်ဝင်တစား အားပေးကြတယ်။ တိုတိုအနေနဲ့ ဘောလုံးအကြောင်းတော့ အရမ်းမသိပါဘူး။ ဒါပေမယ့် Women World Cup 2019 ကိုတီဗွီမှာ တွေ့လိုက်ရတယ်။ အမျိုးသားပွဲတွေလိုပါပဲ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း မမြင်ရတယ်” ဟု အန်တိုနီယာကဆိုသည်။

2019 Women’s World Cup ပြိုင်ပွဲကို ပြင်သစ်နိုင်ငံတွင် ဇွန်လ ၇ ရက်နေ့မှ ဇူလိုင် ၇ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံအသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ လက်ရှိအချိန်တွင် အုပ်စုအဆင့် ပြိုင်ပွဲများ ပြီးဆုံးတော့မည်ဖြစ်သည်။

“အားကစားကဏ္ဍမှာ အမျိုးသမီးတွေအတွက် နေရာစုံ ကဏ္ဍစုံမှာ အခွင့်အလမ်းတွေအများကြီးရလာတာ ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုပါ။” ဟု အန်တိုနီယာက ၎င်းအမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မိရိုးဖလာ ယဉ်ကျေးမှုအရ အမျိုးသမီးများ ကိုယ်ခံပညာ အားကစားလိုက်စားခြင်းအပေါ် ယခင်က အားပေးအားမြှောက်ခြင်းများ မရှိခဲ့သော်လည်း ယခုခေတ်နောက်ပိုင်းတွင် အမျိုးသမီးများ ကိုယ်ခံပညာ အားကစားလိုက်စားခြင်းအပေါ် အမြင်ပြောင်းလဲလာကြသည်။

“ကျွန်မ ငယ်ငယ်တုန်းကဆိုရင် အိမ်က မိန်းကလေးတစ်ယောက်ဖြစ်ပြီး လက်ဝှေ့ထိုးတာကို မကြိုက်ဘူး။ အားမပေးကြဘူး။ ထိုးတာ ကြိတ်တာဟာ မိန်းကလေးအလုပ်မဟုတ်ဘူးလို့ထင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ဝါသနာပါတာကို တိုတို ဇွဲရှိရှိနဲ့လုပ်လို့ အခုလို အောင်မြင်မှုကို ရရှိလာတာပါ။” ဟု အန်တိုနီယာကဆိုသည်။

ကမ္ဘာ့ အကြီးမားဆုံး ကိုယ်ခံပညာ အဖွဲ့အစည်းဖြစ်သည့် ONE Championship တွင်လည်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို အခွင့်အလမ်းများစွာ ပေးထားသည်။ နိုင်ငံတကာမှ အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ONE Championship ပြိုင်ပွဲတိုင်းလိိုလိုတွင် အမျိုးသမီးတွဲဆိုင်းများကို ထည့်သွင်းကျင်းပပေးခဲ့ပြီး အနီးစပ်ဆုံးပြိုင်ပွဲဖြစ်သည့် ONE: Legendary Quest ပြိုင်ပွဲတွင် အမျိုးသမီး မွေထိုင်းတွဲဆိုင်းကို ခေါင်ပွဲအဖြစ် ဦးစားပေး ကျင်းပသွားခဲ့သည်။ ထို့အပြင် လာမည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ONE: Master of Destiny ပြိုင်ပွဲတွင် အမျိုးသမီးတွဲဆိုင်းကို
 ၄ပွဲအထိ ထည့်သွင်းပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အခွင့်အလမ်းများစွာကို ပေးထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly