ဒရုန်းယာဉ်ကို အီရန်က မှားယွင်းပစ်ချမိတာပဲ ဖြစ်လိမ့်မယ်လို့ ထရမ့် ပြော

ဒရုန်းယာဉ်ကို အီရန်က မှားယွင်းပစ်ချမိတာပဲ ဖြစ်လိမ့်မယ်လို့ ထရမ့် ပြော

၀ါရှင်တန်၊ ဇွန် ၂၁ ။          ။ ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ ဒရုန်းယာဉ်ကို အီရန်ဟာ အဆင်အခြင်မဲ့စွာ မှားယွင်းပစ်ချခဲ့တာပဲ ဖြစ်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၀ ရက်မှာ ပြောပါတယ်။

အီရန်ကို လက်တုံ့ပြန်ဖို့ စဉ်းစားထားတယ်လို့ ပြောထားရင်းက အီရန်ဟာ မှားယွင်းပြီးပဲ ပစ်ချမိတာ ဖြစ်လိမ့်မယ်လို့ သမ္မတ ထရမ့်က ခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။

“အမှန်ကို သိချင်တယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ ဒါဟာ သိသိနဲ့ ရည်ရွယ်ချက် ရှိရှိ ပစ်ချရဲမယ်ဆိုတာကိုတော့ ယုံကြည်ပေးဖို့ တော်တော် ခက်တယ်။”လို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုကို ဘဲဥပုံရုံးခန်းမှာ ကြိုဆိုဧည့်ခံချိန် သတင်းထောက်တွေကို ထရမ့်က ပြောလိုက်တာ ဖြစ်ပါတယ်။

“ဒီလိုမျိုး ပစ်ချဖို့ဆိုတာ အမြော်အမြင်မဲ့ပြီး ရူးရူးမိုက််မိုက် မှားယွင်းမှပဲ ဒါကို လုပ်ဖြစ်ဖို့ပဲ ရှိတယ်။”လို့လည်း ၎င်းက ပြောပါတယ်။

အီရန်ကို လက်တုံ့ပြန်ဖို့ ရှိသလားဆိုတဲ့ မေးခွန်းကို “ခင်ဗျားတို့ မကြာခင် တွေ့ရမယ်။”လို့ ထရမ့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

အီရန်က ဒရုန်းယာဉ်ကို ပစ်ချတာနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ရဲ့ လူသိရှင်ကြား ဦးဆုံးတုံ့ပြန်မှုအဖြစ် ကြာသပတေးနေ့ အစောပိုင်းက တွစ်တာမှာ “အီရန်ကတော့ အမှားအကြီးကြီး ကျူးလွန်လိုက်ပြီ။”လို့ ရေးသား ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ထရမ့်ရဲ့ သဘောထားရပ်တည်ချက်ဟာ ပျော့ပြောင်းသွားပုံ ရပါတယ်။

“ကျွန်တော်လည်း ခံယူထားတယ်။ ကျွန်တော် မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်၊ ဒါပေမယ့် မှန်တာက များပါတယ်။ အဲဒီ ဒရုန်းကို ပစ်ချတယ်ဆိုတာကလည်း မလုပ်သင့်တာကို လုပ်မိတဲ့ တစ်ယောက်ယောက်ရဲ့ အမှားလည်း ဖြစ်မှာပဲ။”လို့ ထရမ့်က ဆိုပါတယ်။

ထပ်မံပြီး “ကျွန်တော့် အထင် သူတို့ မှားပြီး ပစ်ချလိုက်တာပဲ။ ကျွန်တော်က နိုင်ငံနဲ့ ချီပြီး မှားယွင်းတယ်လို့ ပြောနေတာ မဟုတ်ဘူး။ နိုင်ငံရဲ့ ကွပ်ကဲမှုအောက်က တစ်ယောက်ယောက်ရဲ့ အမှားလို့ ဆိုလိုတာ ဖြစ်တယ်။”လို့ ထရမ့်က ပြောပါတယ်။

ဒါပေမယ့် အမေရိကန်က ဒါကို သည်းခံနေမှာတော့ မဟုတ်ဘူးလို့လည်း ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အီရန်ဟာ လေပိုင်နက်ထဲ ဝင်လာတယ်ဆိုပြီး အမေရိကန် စစ်ကင်းထောက် ဒရုန်းယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly