NLD ရဲ့ လက်အောက်ခံမဟုတ်ဘူးလို့ သူရဦးရွှေမန်း ပြော

NLD ရဲ့ လက်အောက်ခံမဟုတ်ဘူးလို့ သူရဦးရွှေမန်း ပြော
  သူရဦးရွှေမန်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

မန္တလေး(ဇွန်လ ၂ဝရက်၊ ၂၀၁၉ခုနှစ်)။ ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အနေဖြင့် တပ်မတော် အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပတ်သက်မှု မရှိသလို အာဏာရ NLD ပါတီ၏ လက်အောက်ခံလည်း မဟုတ်ကြောင်း UBPဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောကြားလိုက်သည်။

မန္တလေးမြို့ ၇၈လမ်း၊ ၃ရလမ်းနှင့် ၃၈လမ်းကြားရှိ Hotel Mandalay တွင် ဇွန်လ ၂ဝရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် မြို့လူထု၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးလည်းဖြစ်သူ သူရဦးရွှေမန်းက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တပ်မတော်မှာ နှစ်ပေါင်း ၄၅နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရာထူး ရရှိပါတယ်။ ဒါပေမယ့် မပတ်သက်ပါဘူး။ NLD ရဲ့ လက်အောက်ခံလည်း မဟုတ်ဘူး။ ပါတီဝင်လည်း မဟုတ်ဘူး” ဟု သူရဦးရွှေမန်းက ပြောသည်။

၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်ခဲ့သည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော်၏ “ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်” ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၆ခုနှစ်အတွင်းက တာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီးနောက် ရက်သတ္တပတ် သုံးပတ်ခန့်အကြာတွင် NLD ဦးဆောင်သည့် လွှတ်တော်က အထူးကော်မရှင်ကို သက်တမ်းမတိုးပေးခြင်းဖြင့် သူရဦးရွှေမန်း၏ လွှတ်တော်တွင်း အခန်းကဏ္ဍကို နိဂုံးချုပ်စေခဲ့သည်။

သူရဦးရွှေမန်းကမူ ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကြောင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ တွေ့ဆုံပွဲတွင် ပြောဆိုသွားသည်။

“မေတ္တာရပ်ခံလို့ လုပ်တယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီနဲ့မှ ပတ်သက်မှု မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် လုံးဝပတ်သက်မှုမရှိတော့ကြောင်းလည်း အောက်ပါအတိုင်း ပြောကြားခဲ့သေးသည်။

“ပြည်ခိုင်ဖြိုးပါတီက ကျွန်တော်တို့ကို လမ်းခွဲလိုက်ပါပြီ။ ကျွန်တော်တို့ကို နှင်ထုတ်လိုက်ပါပြီ။ ဒဲ့ပြောမယ်ဆို ကျွန်တော်တို့ကို အနားပေးလိုက်ပါပြီ။ ယဉ်ကျေးတဲ့စကားနဲ့ဆို ထုတ်လိုက်ပါပြီ။ ကျွန်တော်တို့ကို ထုတ်ပယ်တယ်ဆိုတာ တရားနည်းလမ်းကျလား၊ မှန်ကန်တည့်မတ်မှု ရှိသလားဆိုတာ ကျွန်တော် မဆုံးဖြတ်ဘူး။ မနေနဲ့တော့ဆို ကျွန်တော် မနေဘူး။ ကျွန်တော် ပြည်ခိုင်ဖြိုးပါတီမှာ ပါတီဝင်၊ ဒုဥက္ကဋ္ဌ၊ဥက္ကဋ္ဌ လေးနှစ်လုပ်ခဲ့တယ်။ ဒါကြောင့်မို့လို့ လုံးဝ ပတ်သက်ခြင်း မရှိတော့ပါဘူး” ဟု သူရဦးရွှေမန်းက ပြောသည်။

၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁၂ရက်ညက နေပြည်တော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ဖြစ်ခဲ့သော “သန်းခေါင်ယံအာဏာသိမ်းပွဲ” ဟု ပြောစမှတ်တွင်သည့် ဖြစ်ရပ်တွင် သူရဦးရွှေမန်း အနေဖြင့် ပါတီ ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ယုံကြည်ချက် တူသူများဖြင့် တည်ထောင်ထားခြင်း ဖြစ်ပြီး ပါတီကို ဝန်းရံပေးကြရန်နှင့် ပါတီဝင်ကြရန်လည်း သူရဦးရွှေမန်းက တွေ့ဆုံပွဲတွင် တိုက်တွန်းသွားသည်။

လာမည့် ၂၀၂ဝရွေးကောက်ပွဲတွင်မူ တိုင်းဒေသကြီးများတွင်သာ အဓိကထား ယှဉ်ပြိုင်သွားမည်ဟု သူရဦးရွှေမန်းက ပြောဆိုထားသည်။

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းရေးသားသည့် “ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန်” စာအုပ်တွင် သူရဦးရွှေမန်းဟု အတိအကျ ရည်ညွှန်းမထားသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်လည်းဖြစ်၊ တပ်မတော် အဆင့်မြင့်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူတချို့သည် အကြောင်းမျိုးစုံပြ၍ NLD ခေါင်းဆောင်အောက် လက်နက်ချပြီး မိမိ ကိုယ်ကျိုးစီးပွားကာကွယ်ရေးအတွက် သာကူးများ၊ မြေခွေးများ၊ ထမင်းကျွေးသောလက်ကို ပြန်ကိုက်သူများဟု ထည့်သွင်း ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly