ဘန်ကောက်အစည်းအဝေးမှာ ဘင်္ဂါလီနေရပ်ပြန်ပို့ရေးကိစ္စ အလေးအနက်ထားဖို့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်း

ဘန်ကောက်အစည်းအဝေးမှာ ဘင်္ဂါလီနေရပ်ပြန်ပို့ရေးကိစ္စ အလေးအနက်ထားဖို့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်း
Photo - EPA

ဇွန် ၂၀ ။          ။ ဘင်္ဂါလီ ( ရိုဟင်ဂျာ ) တွေအပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေ လာမယ့် အာဆီယံအစည်းအဝေးမှာ အလေးအနက်ဆွေးနွေးသွားကြရမှာဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စုတွေက ဇွန်လ ၁၉ ရက်မှာ တိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။

အာဆီယံအုပ်စုက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ရပ်မှာ မွတ်ဆလင် လူနည်းစု နှိပ်စက်ညှင်းပန်းခံရမှုကို ဖုံးဖိဖာထေးထားသည်ဟု ဆိုကာ ပြစ်တင်မှုများ ပေါ်ထွက်ခဲ့ပြီးနောက် လူ့အခွင့်အရေးအုပ်စုများက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။

အာဆီယံက ကြီးမှူးလုပ်ဆောင်ခဲ့ပြီး AFP သို့ ပေါက်ကြားခဲ့သော ယင်းအစီရင်ခံစာတွင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့ကြသည့် ဘင်္ဂါလီ များအတွက် မြန်မာအစိုးရရဲ့ နေရပ်ပြန်ခေါ်ရေး အားထုတ်မှုများအပေါ် တစ်ခမ်းတစ်နား အကဲဖြတ်ထားတယ်လို့ သိရပါတယ်။

၂၀၁၇ သြဂုတ်လက မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများကို နှိမ်နင်းတိုက်ထုတ်မှု စတင်ဆောင်ရွက်ခဲ့ပြီးနောက် ဘင်္ဂါလီ ၇၄၀,၀၀၀ ခန့်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြပါတယ်။

ယင်းအပြင် အဓမ္မပြုကျင့်ခံရမှု၊ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု၊ ကျေးရွာများ မီးရှို့ခံရမှု စသည့် တိုင်တန်းချက်များလည်း ပေါ်ထွက်ထားခဲ့ပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နဲ့အကြား နေရပ်ပြန်ပို့ရေး သဘောတူညီချက်မှာ တန့်နေလျက် ရှိပြီး မြန်မာဘက်သို့ ပြန်လာရန် ရွေးချယ်သည့် ဘင်္ဂါလီ  မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။ လုံခြုံရေး စိုးရိမ်ရမှု၊ မြန်မာအစိုးရက ၎င်းတို့ကို နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် အခြေခံအခွင့်အရေးများ ပေးရန် ငြင်းဆန်မှုတို့ကြောင့် ဖြစ်ကြောင်း သိရပါတယ်။

သို့သော်လည်း အာဆီယံ၏ အရေးပေါ်အခြေအနေ တုန့်ပြန်ရေးနှင့် အကဲဖြတ်မှု အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတွင် မိမိတို့ ဆန္ဒအလျောက် နေရပ်ပြန်လာမှုများသည် နှစ်နှစ်အတွင်း ပြီးစီးတော့မည်ဟု ခန့်မှန်းထားကြောင်း သိရပါတယ်။

ယင်းအတွက်ကြောင့် ယခုသီတင်းပတ် ဘန်ကောက်တွင် ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ ဒီ အကျပ်အတည်းပြဿနာအပေါ် တုန့်ပြန်ကိုင်တွယ်မှုနဲ့ပတ်သက်လို့ အလေးအနက် ပြန်လည်သုံးသပ်ဆွေးနွေးသွားကြရမှာဖြစ်ကြောင်း Brad Adams of Human Rights Watch က တိုက်တွန်းထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly