မြောက်အိုင်ယာလန်နှင့် ပေါ်တူဂီတို့ ယူရိုခြေစစ်ပွဲ အောင်မြင်ပြီ

မြောက်အိုင်ယာလန်နှင့် ပေါ်တူဂီတို့ ယူရိုခြေစစ်ပွဲ အောင်မြင်ပြီ

အောက်တိုဘာ ၉ ။          ။ ယူရိုခြေစစ်ပွဲ ပွဲစဉ်(၉) ပထမရက် ယှဉ်ပြိုင်ခဲ့ပြီးနောက်တွင် မြောက်အိုင်ယာလန်အသင်းနှင့် ပေါ်တူဂီအသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်သည့် အသင်းများစာရင်းတွင် ပါဝင်လာခဲ့ပြီဖြစ်သည်။

ပွဲစဉ်(၈)အပြီးတွင် အင်္ဂလန်၊ အိုက်စလန်၊ ချက်နှင့် သြစတြီးယားတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ယခု မြောက်အိုင်ယာလန်နှင့် ပေါ်တူဂီတို့ ထပ်တိုးလာခဲ့သည်။

မြောက်အိုင်ယာလန်အသင်းသည် ဘဲလ်ဖတ်မြို့တွင် ကစားခဲ့သည့် ဂရိနှင့် ပွဲစဉ်တွင် ၃-၁ ဂိုးဖြင့် အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ရန် သေချာခဲ့ခြင်း ဖြစ်သည်။ မြောက်အိုင်ယာလန်အတွက် အနိုင်ဂိုးများကို အသင်းခေါင်းဆောင် ဆောက်သမ်တန်ကွင်းလယ်လူ စတီဗင်ဒေးဗစ်က နှစ်ဂိုးသွင်းယူပြီး တိုက်စစ်မှူး မက်ဂန်းနစ်က တစ်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

မြောက်အိုင်ယာလန်အသင်းသည် ယူရိုပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပြိုင်ပွဲကြီးတစ်ခုကို ပထမဆုံး ယှဉ်ပြိုင်ခွင့် ရရှိခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နည်းပြ မိုက်ကယ်အိုနေးလ်နှင့် အသင်းသားများမှာ မြောက်အိုင်ယာလန်နိုင်ငံ၏ သမိုင်းတွင် သူရဲကောင်းများ ဖြစ်လာခဲ့သည်။

ကမ္ဘာ့အကောင်ဆုံးဘောလုံးသမား စီရော်နယ်ဒို၏ ပေါ်တူဂီအသင်းသည်လည်း အိမ်ကွင်းတွင် အုပ်စုဒုတိယနေရာမှ ဒိန်းမတ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် အုပ်စုပထမဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီ ဖြစ်သည်။

ပေါ်တူဂီအသင်းသည် ယူရိုပြိုင်ပွဲကို ၇ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။ ပေါ်တူဂီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၆ မိနစ်တွင် ကွင်းလယ်လူ မော်တင်ဟိုက သွင်းယူပေးခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly