မြန်မာက အိမ်ရှင်လုပ်မည့် ကျိုခ့်ရှင်းကရာတေး ပြိုင်ပွဲ တွင် ၁၁ နိုင်ငံပါဝင် ယှဉ်ပြိုင်မည်

မြန်မာက အိမ်ရှင်လုပ်မည့် ကျိုခ့်ရှင်းကရာတေး ပြိုင်ပွဲ တွင် ၁၁ နိုင်ငံပါဝင် ယှဉ်ပြိုင်မည်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဇွန်လ ၂၀ ။           ။ ဒုတိယအကြိမ်မြောက် ကျင်းပသည့် ကျိုခ့်ရှင်းကရာတေး သိုင်းပြိုင်ပွဲကို  မြန်မာနိုင်ငံက အိမ်ရှင်အဖြင့် လက်ခံကျင်းပခွင့် ရရှိတာဖြစ်ပြီး နိုင်ငံ ၁၁  နိုင်ငံမှ ကရာတေးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည် ဟု ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့Chatrium Hotel မှပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

" ဒီပြိုင်ပွဲဝင် အားကစားသမားပေါင်း ၁၅၀ ကျော် ရှိပါတယ်။ဒိုင်တွေအနေနဲ့ရ၀ ကျော်လောက်ပါဝင်ပါတယ်။အခုပြိုင်ပွဲမှာ နိုင်ငံကြီးတွေပါတယ်။ အဓိက ကျွန်တော်တို့ကျော်ဖြတ်ရမှ က အနီးကပ်ဆုံးရှိတဲ့ တရုတ်နိုင်ငံပါ သူကတော်တော်လေးကောင်းပါတယ်။သူတို့ကို တော်တော်လေး တိုက်ခိုက်ရမဲ့ပုံစံရှိပါတယ်။နောက်ထပ်နည်းနည်းလေး ကောင်းတာက သြစတေးလျ၊ တကယ်ကိုနာမည်ကြီးတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ယူကရိန်းက မလာဖြစ်တဲ့အတွက် တော်သေးတယ်လို့ပြောရမယ်။ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့အများကြီး ပြင်ဆင်ထားပါတယ်။ ပြီး ခဲ့တဲ့ပွဲတွေ သွားခဲ့တဲ့အတွေ့အကြုံတွေ အများကြီးကို ဒီဘက်မှာ ပြုပြင်ပြီး လေ့ကျင့်ပေးထားပါတယ်။ အဲဒီအတွက်လည်း ဆုရဖို့ အားလုံးကို မျှော်လင့်ထားပါတယ် " ဟု IKO Matsushima Myanmar အဖွဲ့အစည်းမှာ ဒုဥက္ကဋ္ဌ ဖြစ်သူ  ဦးသူဇော် က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ကျိုခ့်ရှင်းကရာတေး သိုင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဆု တံဆိပ် ၅ ခုမျှော်မှန်းထားပြီး ၀ိတ်တန်း လေး ခု (ကျား၊မ) ကို ဆုတံဆိပ် ၄ မျိုးချီးမြှင့်သွားမည်ဟုသိရသည်။

"မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကစားသမား ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ က World Cup က ပြန်လာပြီး ဒီ ပွဲကျင်းပမယ်ဆိုတာ သိကတည်းက လူတွေရွေးထုတ်တယ်။ ပြင်ဆင်တယ်။ ပြီးခဲ့တဲ့ ၄ လ လောက်ကစပြီးတော့ စခန်းသွင်းလေ့ကျင့်နေကြပါတယ် " ဟုထပ်မံပြောကြားခဲ့သည်။

ကရာတေးသိုင်း နှင့် ကျိုခ့်ရှင်းကရာတေး မှာ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှု တူညီပြီး ပြိုင်ပွဲ ကျင်းပသည့် ပုံစံ၊  လေ့ကျင့်ပုံစံ နှင့် အမှတ် ပေးစည်းမျဉ်းများ မတူညီကြပါ။ ကျင်းပပြုလုပ်မည့် ကျိုခ့်ရှင်းကရာတေး ပြိုင်ပွဲကို ကျိုခ့်ရှင်းကရာတေး ကစားသမားများသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ကျိုခ့်ရှင်းကရာတေးသိုင်းပြိုင်ပွဲကို လာမည့်ဇွန်လ ၂၃ ရက်နေ့ တွင် ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) တွင်  နံနက် ၉ နာရီမှ စတင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly