တမူးမြို့ဗုံးပေါက်ကွဲမှုအပေါ် ကူကီးအဖွဲ့မှ သဘောထားထုတ်ပြန်ကြေညာ

တမူးမြို့ဗုံးပေါက်ကွဲမှုအပေါ် ကူကီးအဖွဲ့မှ သဘောထားထုတ်ပြန်ကြေညာ
ဓာတ်ပုံ - ကဘော်ဆုသန်း

စစ်ကိုင်း၊ ဇွန် ၂၀ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ စော်ဘွား(၈)ရပ်ကွက်ရှိ ကသည်းလူမျိုးတစ်ဦးနေထိုင်သည့် နေအိမ်၌ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့မှုအပေါ် ကူကီးအဖွဲ့မှ သဘောထားထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း အများပြည်သူများ စိုးရိမ်ထိတ်လန့်စေသည့်အပြင်၊ လုံခြုံရေးကင်းမဲ့သကဲ့သို့ ဖြစ်နေသောကြောင့် သဘောထားထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

" လက်ရှိအစိုးရက ကသည်းလူမျိုးတွေ တမူးမှာ မရှိဘူးလို့ ငြင်းထားတယ်။ ဒါပေမယ့် ဒီ ၁၈ရက်နေ့က ဗုံးပေါက်ကွဲမှုက သက်သေဖြစ်တယ်။ ဒါကသူတို့ရှိနေသေးတယ်ဆိုတာ သက်သေပါပဲ။ အဲ့ဒါကြောင့် အစိုးရအနေနဲ့ သူတို့တွေကို မောင်းထုတ်ပေးဖို့ ဒီသဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်တာပါ” ဟု ကွက်ကီးလူငယ်ကွန်ယက် မှ ကိုဆေးဂင်မှ မဇ္ဈိမ သို့ ပြောသည်။

ထုတ်ပြန်ချက်တွင် ဒေသခံတိုင်းရင်းသားများအနေဖြင့် မဏိပူရပြည်နယ်မှ ကသည်းလက်နက်ကိုင်များ၏ လုပ်ဆောင်မှုများ၊ အကြမ်းဖက်မှုများအား လုံးဝ(လုံးဝ) ကန့်ကွက်ရှုံ့ချပါကြောင်း အစိုးရနှင့် အများပြည်သူ သိရှိစေရန် ဤကြေညာချက်အား ထုတ်ပြန်ကြေညာကြောင်း ပါရှိသည်။

" အလောင်းမင်းတရား လက်ထက်ကတည်းက ဦးသိန်းစိန် အစိုးရအထိ ကျွန်တော်တို့တွေက ဗမာပြည်ကို စစ်ရေးအရ ကူညီခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည်ထဲမှာ နေပေမယ့် မြန်မာပြည်ကို ဒုက္ခမပေးပါဘူး။ ကျွန်တော်တို့ အာသံပြည်ကို ပြန်ရဖို့အတွက်ပဲ တိုက်နေတာပါ” ဟု မေလ ၁၂ ရက်နေ့၌ မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသည့် ကသည်းဗိုလ်ကြီးတစ်ဦးမှ မဇ္ဈိမ ကို ပြောသည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်ကို ကူကီးလူငယ်ကွန်ယက်၊ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေး အစည်း အရုံး၊ ကူကီးစာပေနှင့်ယဉ်ကျေးမှု ကော်မတီ(တမူးမြို့ပေါ်) ကူကီးစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (တမူးမြို့နယ်)၊ တမူးခရိုင်အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး ကော်မတီတို့မှ ပူးပေါင်းထုတ်ပြန်ကြောင်း သိရသည်။

ယခုနှစ် မေလ ၁၅ ရက်နေ့တွင် နာဂဒေသအတွင်း တပ်မတော်မှ ဖမ်းဆီးခဲ့သည့် ကသည်း/အာသံ လက်နက်ကိုင် ၂၄ဦးကို ခန္တီးမြို နယ်တရားရုံးမှ မေလ ၁၅ ရက်နေ့၌ မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly