လွန်ခဲ့တဲ့ ငါးနှစ်က မလေးရှား MH 17 လေယာဉ် ပစ်ချခံရမှုမှာ ရုရှသုံးဦးနဲ့ ယူကရိန်းတစ်ဦးကို စွဲချက်တင်

လွန်ခဲ့တဲ့ ငါးနှစ်က မလေးရှား MH 17 လေယာဉ် ပစ်ချခံရမှုမှာ ရုရှသုံးဦးနဲ့ ယူကရိန်းတစ်ဦးကို စွဲချက်တင်

အမ်စတာဒမ်၊ ဇွန် ၂၀ ။            ။ လွန်ခဲ့တဲ့ ငါးနှစ်က ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးအဖြစ် မလေးရှားလေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ် MH 17 ပစ်ချခံရမှုမှာ စုံစမ်းစစ်ဆေးမှုတွေအရ ရုရှားသုံးဦးနဲ့ ယူကရိန်းတစ်ဦးတို့ကို လက်သည်တရားခံတွေအဖြစ် စွဲချက်တင်ပြီ ဖြစ်ပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ဦး လိုက်ပါတဲ့ အဲဒီ လေယာဉ်ဟာ ၂၀၁၄ ဇူလိုင် ၁၇ ရက်က နယ်သာလန်နိုင်ငံ အမ်စတာဒမ်ကနေပြီး မလေးရှား၊ ကွာလာလမ်ပူမြို့တော်ဆီ ပျံသန်းတဲ့ ခရီးစဉ်မှာ ပစ်ချခံရတာပါ။

ယူကရိန်းအရှေ့ပိုင်း စစ်မက်ဖြစ်ပွားရာဇုန်ပေါ်ကနေ လေယာဉ် ဖြတ်သန်းချိန်မှာ မြေပြင်မှ ဝေဟင်ပစ် Buk ဒုံးကျည်နဲ့ ပစ်ချခံရတာဖြစ်ပြီး ခုချိန်မှာ ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ JIT က လက်သည်တွေကို ဖော်ထုတ်စွဲဆိုလာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း သူပုန်ထိန်းချုပ်ရာ ဒွန်နက်စ်မြို့အနီးမှာ အဲဒီ MH 17 လေယာဉ် ပစ်ချခံခဲ့ရတာနဲ့ ပတ်သက်ပြီး ရုရှားသုံးဦးနဲ့  ယူကရိန်းတစ်ဦီးတို့ ပါဝင်ကြောင်း JIT က စွဲဆိုလာခဲ့တာ ဖြစ်ပေမယ့် ရုရှားနိုင်ငံကတော့ ၎င်းတို့အနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှု မရှိကြောင်း ဇွန် ၁၉ ရက်မှာ ငြင်းဆန်လာခဲ့ပါတယ်။

နယ်သာလန်မှာ တရားရုံးစွဲချက်တင်ဖို့ ရှှိနေတဲ့ ဒီလေယာဉ်ပစ်ချမှု သံသယရှိ လက်သည်တရားခံတွေဟာ အီဂေါဂျာကင်း၊ ဆာဂျေးဒူဘင်စကီ၊ အိုလက်ပူလာတော့ဗ်နဲ့ လီယိုနဒ်ကာချန်ကိုတို့ဖြစ်ကြောင်း နယ်သာလန် အမျိုးသားရဲဌာန အကြီီးအကဲ ဝီဘာပေါလစ်ဆန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“MH 17 လေယာဉ်ကို ပစ်ချတဲ့ ဒီ တရားခံလေးဦးကို တရားစွဲဆိုဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါပြီ။”လို့ JIT စုံစမ်းစစ်ဆေးရေးမှူး ဖရက်ဝက်စ်တာဘိတ်က ပြောခဲ့ပါတယ်။

အဲဒီ လက်သည်တရားခံလေးဦးကိို အခုချိန်မှာ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်ထားပြီ ဖြစ်ပြီး ၎င်းတို့အနက် ရုရှားနိုင်ငံသား သုံးဦးကတော့ ရုရှားနိုင်ငံထဲမှာ ရှိနေမယ်လို့ ယူဆရကြောင်း JIT က ဆိုပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အခု စွဲဆိုချက် အားလုံးကို ငြင်းဆန်ပြီး လုံးလုံး အခြေအမြစ် မရှိဘူးလို့ ပယ်ချထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly