လူမြင်ကွင်းမှာ ကတုန်ကယင် ဖြစ်ခဲ့ပေမယ့် ဂျာမနီ ဝန်ကြီးချုပ်က ကျန်းမာရေးအခြေအနေကို ဖော့ပြော

လူမြင်ကွင်းမှာ ကတုန်ကယင် ဖြစ်ခဲ့ပေမယ့် ဂျာမနီ ဝန်ကြီးချုပ်က ကျန်းမာရေးအခြေအနေကို ဖော့ပြော

ဘာလင်၊ ဇွန် ၁၉ ။          ။ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ဆီ အင်္ဂါနေ့က အလည်အပတ် ရောက်ရှိလာတဲ့ ယူကရိန်း သမ္မတသစ်ကို ကြိုဆိုချိန်မှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဟာ ကတုန်ကယင် ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

ဝန်ကြီးချုပ် မာကဲလ်ရဲ့ ခုလို ကတုန်ကယင် ဖြစ်နေတဲ့ မြင်ကွင်းကို တွေ့ရတာကြောင့် သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ပေးကာ ကောလဟလတွေ ထွက်ပေါ်လာခဲ့ရာမှာ မာကဲလ်က လျှော့ပေါ့ပြီး ဖာဖာထေးထေး ပြောဆိုလာပါတယ်။

အဲဒီ ကြိုဆိုရေး အခမ်းအနားမှာ နိုင်ငံတော်သီချင်း တီးမှုတ်ချိန်မှာ ယူကရိန်း သမ္မတသစ် ဇီလန်စကီနဲ့ အတူရပ်နေတဲ့ အိန်ဂျလာမာကဲလ်ဟာ ကိုယ်ကိုကို ထိန်းနိုင်ပုံ မရဖြစ်နေပြီး ကတုန်ကယင် ဖြစ်နေခဲ့တာပါ။

“ကျွန်မ ကျန်းမာပါတယ်။ ကျွန်မ ရေသုံးခွက် ဆင့်သောက်လိုက်တယ်။ ဒီလို သောက်ဖို့ လိုနေတာဖြစ်မယ်။ ခုတော့ ကျွန်မ ပြန်ပြီး ကောင်းကောင်းမွန်မွန် ရှိနေပါပြီ။”လို့ အဲဒီလို ကတုန်ကယင် ဖြစ်ပြီးနောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မာကဲလ်က ပြောပါတယ်။

မာကဲလ်အနေနဲ့ သူ ခုလို ဖြစ််သွားတာဟာ ရေဓာတ်ခန်းခြောက်လို့ ဖြစ်ရတဲ့ ပုံမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ််ဟာ နောက်လဆိုရင် အသက် ၆၅ နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အစိုးရအကြီးအကဲအဖြစ် လေးကြိမ်မြောက် သက်တမ်းအတွက် ထပ်မံရွေးကောက်ခံရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ခရစ်ယာန်ဒီမိုကရက်ပါတီတွင်း အာဏာလွန်ဆွဲပွဲတွေ ပြင်းထန်နေခဲ့ပြီး ၂၀၁၈ အောက်တိုဘာလမှာ မာကဲလ်ဟာ ပဥ္စမမြောက် သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ကြေညာထားခဲ့တာ ဖြစ်တာကြောင့် ၂၀၂၁ မှာ ရာထူးက ဆင်းသက်ရမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly