ရွှံ့စေးဖြင့် ပုံဖော်ထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု အွန်လိုင်းမှတဆင့် မဲဖောက်မည်

ရွှံ့စေးဖြင့် ပုံဖော်ထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု အွန်လိုင်းမှတဆင့် မဲဖောက်မည်

စစ်ကိုင်း၊ ဇွန် ၁၉ ။       ။ ရွှံ့စေးဖြင့် ပုံဖော်ထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တုကို အွန်လိုင်းမှတဆင့် မဲဖောက်ပေး မည်ဖြစ်ကြောင်း ပန်းပုပညာရှင် ဖိုးဝလုံးမှ မဇ္ဈိမသို့ ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ငယ်ဘဝပုံတူ ရုပ်တုကို မန္တလေးမြို့အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်၊ ပန်းပုဌာနမှ နောက်ဆုံးနှစ်ကျောင်းသား ဖိုးဝလုံးမှ ထုဆစ်နေခြင်း ဖြစ်သည်။

အမြင့်ပေ ၁၆ လက်မ ရှိသည့် အဆိုပါ ပုံစံတူရုပ်တုကို ရွှံ့စေးဖြင့် ပုံဖော်ခဲ့ပြီး မိုလောင်းကာ ပလာစတာ ရုပ်တု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ရုပ်တုကို Phoewa Lone ဖေ့ဘုတ် စာမျက်နှာမှ မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

" အမေစု အသက်ဘယ်လောက်ကြီးကြီး ကျွန်တော်တို့ စိတ်ထဲမှာ အသက်မကြီးသလိုပဲ ခံစားမိတဲ့ အတွက် ဒီပန်းပုရုပ်ကို ပုံဖော်ခဲ့တာပါ။ ပြီးတော့ ကိုယ်တတ်တဲ့ ပညာနဲ့ အမေစုရဲ့မွေးနေ့မှာ ကိုယ်ရဲ့ မိတ်ဆွေတွေကို အမှတ်တရဖြစ်စေချင်တဲ့ အတွက်ရော မဲဖောက်ပေးတာ ဖြစ်ပါတယ်။ နောက် တစ်ပတ်လောက်နေရင်တော့ အရုပ်က အကုန်လုံးပြီးပါပြီ။ အဲ့ဒီအခါကြမှ မဲပေါက်တဲ့သူဆီကို ပို့ပေး သွားမှာ ဖြစ်ပါတယ်” ဟု ပန်းပုပညာရှင် ဖိုးဝလုံးမှ မဇ္ဈိမသို့ ပြောသည်။

လွန်ခဲ့သော ၂နှစ်ခန့်မှ စတင်ကာ ဖိုးဝလုံးသည် နှစ်စဉ် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရောက်တိုင်း ပန်းပုရုပ်များကို မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၃ နှစ်ပြည့် မွေးနေ့တွင် တစ်ခြမ်းဖောင်း နံရံကပ် ပန်းပုရုပ် ၁၀၃ ရုပ်၊ ၁၀၄ နှစ်ပြည့် မွေးနေ့တွင် သဲပန်းပုရုပ်များအား ပုံဖော်ခဲ့ပြီး ယခင်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ ပြည့် မွေးနေ့တွင် နံရံကပ် ပန်းပုရုပ် ၇၃ ရုပ်ကို မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required