ဒေါင်းတို့မျိုးဆက်ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မွေးနေ့ဆုတောင်း

ဒေါင်းတို့မျိုးဆက်ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မွေးနေ့ဆုတောင်း
ဓာတ်ပုံ- ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန်လ ၁၉ ။         ။ တပ်မတော်မှ တရားစွဲဆိုခြင်းခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ပိုင်းက မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ရုံးချိန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၄ နှစ်မြောက် မွေးနေ့အတွက် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

"ဒီနေ့က တရားလို ဗိုလ်မှူးကြီးသန်းထွဋ်မြင့် ကိုစစ်ပါတယ်။အစ အဆုံးပါပဲ၊ တစ်ဘက်က အရင်စစ်ပါတယ်။ တရားလို ဘက်က ဥပဒေအရာရှိ စစ်တယ်။ ဆရာမက အပြန်အလှန် မေးခွန်းမေးတယ်။ဆရာမ မေးပြီးတော့ ၁၊ ၂၊ ၄ ၊ စွပ်ဆွဲခံရသူ ကိုယ်စား မေးတယ်။ ၃ နဲ့ ၅ ကိုစွပ်ဆွဲခံရသူ ရဲ့အကျိုးဆောင်က မေးပါတယ်။ ဒီနေ့ အပြန် အလှန်မေးခွန်း အကုန်လုံးပြီးသွားပါပြီ။ နောက်ရုံးချိန်း နောက်တစ်ပတ်ကျရင် တရားလိုပြသက်သေကို စစစ်တော့မှပါ”ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ် တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောသည်။

ယခုရုံးချိန်းတွင် ထူးခြားဖြစ်စဉ်အဖြစ် တရားလိုပြသက်သေ ၅ ဦး ထဲမှ တရားလိုပြသက်သေတစ်ဦး ဖြစ်သော ဗိုလ်မှူးရဲရင့်ဝင်း ဆိုသူသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေသောကြောင့် တရားလိုပြ သက်သေအဖြစ်မှ ပယ်လိုက်ကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦး၏ ယခုရုံးချိန်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့် ဖြင့် လုံခြုံရေး ရယူ ခဲ့ပြီး ရုံးချိန်းအပြီးတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦး မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့အတွက် အဖြူရောင်ပိတ်စပေါ်တွင် " ၇၄ နှစ်မြောက်မွေးနေ့မှစ၍ ဒီမိုကရေစီအရေး ၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို အပြီးသတ်အောင်မြင်စွာ လုပ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်း ပေးအပ်ပါသည် " ဟု ရေးထိုးထားသည့် ပိတ်စကို ကိုင်ကာ မွေးနေ့ဆုတောင်းခဲ့ကြသည်။

" ဒီအမှုက တပ်ကဆွဲတဲ့အမှု ဆိုတော့ ကျွန်တော်တို့အများကြီး မမျှော်လင့်ပါဘူး။ပြစ်ဒဏ်ကလည်း ချမယ်ဆို ၂ နှစ်ပဲ ချမယ်ဆိုတော့ ဒါပေမဲ့ တရားမျှတမှုအတွက် နောက်ဆုံးခံတပ်က တရားရုံးပါ။ တရားရုံးမှာပါ တရားသူကြီးတွေ တရားမျှတမှု မရှိရင် ကျွန်တော်တို့အတွက် တရားစီရင်ရေး စနစ်က မျှတမှုက လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး " ဟု ဒေါင်းမျိုးဆက်အဖွဲ့မှ ကိုပိုင်ရဲသူ က ရုံးချိန်းအပြီးတွင် ပြောဆိုခဲ့သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦး ကို ပြီးခဲ့တဲ့ ဧပြီလ အတွင်းက သံချပ်သီဆိုဖျော်ဖြေရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါအမှုအတွက် ရုံးချိန်းကို ဇွန်လ ၂၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly