အမရပူရမြို့နယ်အတွင်းရှိ ဒုဋ္ဌဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

အမရပူရမြို့နယ်အတွင်းရှိ ဒုဋ္ဌဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး
 (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(ဇွန်လ ၁၉ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်းအစိုးရ ရံပုံငွေဖြင့် လုပ်ဆောင်နေသည့် အမရပူရမြို့နယ်၊ ဒုဋ္ဌဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးမျိုးနောင်စိုးက ပြောသည်။

 တိုင်းအစိုးရ၏ ၂၀၁၈-၁၉ ခွင့်ပြုရံပုံငွေဖြင့် အမရပူရမြို့နယ်အတွင်းရှိ မုံတောရွာနှင့် ဘနောကျေးရွာတို့တွင် ငွေကျပ်သန်း ၅ဝဝကျော်ဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“မြစ်ကြောင်း သဘောတရားအရ ရေစီးများပြီး ရေဦးထိုးလို့ ကမ်းပြိုတဲ့နေရာမှာ ကမ်းပြိုမှုကို ကာကွယ်တာပါ။ ကွန်ကရစ်ဘလောက်ပြားတွေကို ကမ်းထိန်းနံရံ မျက်နှာပြင်မှာ စီထားတယ်။ ကမ်းပြိုကာကွယ်ရေး လုပ်ခြင်းဖြင့် မြစ်ကြောင်း ထိန်းသိမ်းထားပြီး ဖြစ်သလို ဒေသခံရွာသားတွေ ကမ်းပြိုမှု အန္တရာယ် မရှိတော့ပါဘူး” ဟု ဦးမျိုးနောင်စိုးက ပြောသည်။

 တည်ဆောက် ပြီးစီးသွားသည့် ကမ်းထိန်းနံရံများကိုလည်း မန္တလေးတိုင်း၊ ဆောက်လုပ်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး(Third Party) က ဇွန်လ ၁၈ရက်က စစ်ဆေးခဲ့သည်။

 “စစ်ဆေးခဲ့ပြီးပြီ၊ အားလုံးက လိုအပ်ချက် မရှိသလောက်ပါပဲ” ဟု Third Party အဖွဲ့မှ ဦးအောင်လှိုင်က ပြောသည်။

 ဘနောကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းကလည်း “ကိုယ့်ရွာဘက်က ဒီလိုလုပ်ပေးလို့ (ကမ်း)မပြိုတော့ပေမယ့် ပြိုနိုင်တဲ့ နေရာတွေက ကျန်သေးတယ်။ သူတို့အတွက်လည်း လုပ်ပေးစေချင်တယ်” ဟု ဆိုသည်။

 ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လုပ်ဆောင်သွားမည်ဟု သိရသည်။

 အမရပူရမြို့နယ်အတွင်းရှိ မုံတောင်ကျေးရွာနှင့် ဘနောကျေးရွာတို့တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စတင်လုပ်ဆောင်ခဲ့ရာ လေးလခန့်အကြာတွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required