မကွေး မုန်းချောင်းတံတားကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ဖွင့်လှစ်

မကွေး မုန်းချောင်းတံတားကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ဖွင့်လှစ်
ဓါတ်ပုံ ဌေးမောင်မောင်

မကွေး၊ ဇွန် ၁၉ ။          ။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ပွင့်ဖြူ မြို့နယ်ရှိ မုန်းချောင်းအားဖြတ်ကူးသည် မုန်းချောင်းတံတား(ပွင့်ဖြူ )ကို ဇွန်လ(၁၉)ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ပွင့်ဖြူ မုန်းချောင်းတံတားသစ်ကို ၂၀၁၇-ခုနှစ် မေလ(၂၁)ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံလူရည်ချွန် မောင်မယ်များ တတ်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် အသက်(၇၄)နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ မုန်းချောင်းတံတားအသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်” ဟု တံတားတည်ဆောက်ခဲ့သည့် တံတားအထူးအဖွဲ့(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောသည်။

မုန်းချောင်းတံတားအသစ်မှာ အရှည်ပေ(၁၃၀၀)ရှိပြီး ၊အုတ်မြစ်ဘို့ပိုင်ဖောင်းဒေရှင်း ၊နှစ်လမ်းသွား .RC အမျိုးအစား တံတားဖြစ်ပြီး အကျယ်(၂၄)ပေ ၊လမ်း၏တစ်ဘက်တစ်ချက်တွင် လူသွားလမ်း (၃)ပေအကျယ်ပါရှိကာ ငွေကျပ် သန်း(၃၉၀၀)ကုန်ကျခဲ့ကြောင်း တံတားအထူးအဖွဲ့(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောသည်။

“ဒီမုန်းချောင်းဖြတ် တံတားကြီးပြီးသွားတဲ့အတွက် မင်းဘူး-ပွင့်ဖြူ-စလင်း-ဆင်ဖြူကျွန်းအထိ ယာဉ်တစ်စီးခြင်း ခံနိုင်ဝန်တန်(၆၀)အထိဖြတ်သန်းသွားလာလို့ရပါတယ်။အရင်တုန်းက ဘီလီတံတားပဲရှိတဲ့အတွက် (၁၆)တန်ပဲ ဖြတ်သန်းခွင့်ပေးတာပါ။ဘီလီက တစ်လမ်းသွား တစ်ဖက်စီပဲဖွင့်ပေးတာ။ခုကတော့ နှစ်လမ်းသွားစိတ်ကြိုက်မောင်းလို့ရတဲ့အတွက် စောင့်ဆိုင်းစရာမလိုပဲ အဆင်ပြေ ချောမွေ့သွားပါမယ်” ဟု ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

ယခုတံတားအသစ် ဖွင့်လှစ်နိုင်မှုကြောင့် ယခင်က အသုံးပြုခဲ့သည့် ဘီလီတံတားဟောင်းကို မကွေးတိုင်း အစိုးရအဖွဲ့ ၊ဆောက်လုပ်ရေးအဖွဲ့၊တံတားအဖွဲ့တို့ပူးပေါင်း၍ မကွေးတိုင်းအတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များတွင်အသုံးပြုသွားရန် အကြမ်းဖျဉ်းလျာထားလျက်ရှိကြောင်း သိရသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly