ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးရန် လုပ်ငန်းရှင်များ သတိပေး

ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးရန် လုပ်ငန်းရှင်များ သတိပေး

တိုးတက်လာနေသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှု များလာသော်လည်း ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် အကျိုးစီးပွား ဖြစ်ထွန်းမှု နည်းပါးနေသေးသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ပြည်တွင်းလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့်  နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုကို ဟန်ချက်ညီညီ လုပ်ကိုင်နိုင်ရန် အခြေအနေတွေကို ဖန်တီးပေးဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက သတိပေးသည်။

“ဒီနေရာမှာ ဟန်ချက်ညီဖို့ လိုတာပေါ့၊ နိုင်ငံခြားသား တွေကိုပဲ ဆန့်ကျင်လို့ မရသလို သူတို့တွေကို ဖွင့်ပေးတဲ့အခါမှာလည်း ကျွန်တော်တို့Local ပိုင်းနဲ့ တွဲခေါ်ပြီးတော့ အတတ်ပညာတွေ တတ်မယ်၊ ရှယ်ယာတွေရမယ်၊ နည်းပညာတွေ သိလာမယ်ဆိုရင် တချိန်ကျွန်တော်တို့ မြန်မာနိုင်ငံ တိုင်းရင်းသားတွေက ဦးစီးဦးဆောင် လုပ်နိုင်မဲ့ အခြေအနေဖြစ်လာမှာပါ”ဟု ဦးသက်လွင်တိုးက ပြောသည်။

နိုင်ငံခြား ခရီးသွား လုပ်ငန်းများသည် ငွေကြေးတတ်နိုင်ရုံမကဘဲ နည်းပညာပိုင်းလည်း လိုအပ်ခြင်းကြောင့် ပြည်တွင်း လုပ်ငန်းရှင်များထက် ပြည်ပလုပ်ငန်းရှင်များက အားသာချက်များ ရှိနေသည်။ ထို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များကို အစိုးရမှ အကာအကွယ်ပေးရန် လိုသည်ဟုလည်း Grand Lotus Travel and Tours အမှုဆောင် အရာရှိချုပ် ဦးကျော်စွာမင်းက သတိပေးသည်။

“သူတို့လာရင် ကျွန်တော်တို့ထက် ကြီးမှာတော့ အမှန်ပါပဲ။ အဲ့ဒီအချိန်မှာ နိုင်ငံတော်ဘက်က သင့်တင့်မျှတတဲ့ သူတို့ကိုလည်း မဝင်နဲ့လို့ ပြောတာမဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့ဘက်ကိုလည်း ကျွန်တော်တို့ ပြည်တွင်း လုပ်ငန်းရှင် အားသာနိုင်တဲ့ နည်းလမ်းတခုခုကို နိုင်ငံတော်အစိုးရအနေနဲ့ အကာကွယ်ပေးဖို့ လိုမယ်လို့ ထင်တယ်” ဟု ပြောသည်။

နိုင်ငံ၏ ဝင်ငွေအတွက် အဓိက လုပ်ငန်းတစ်ခုတွင် အပါအဝင်ဖြစ်သော ခရီးသွားလုပ်ငန်းသည် အခြား လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ဟုလည်း ဦးသက်လွင်တိုးက ထောက်ပြ ပြောဆိုသည်။ “Tourism လုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်လုပ်အားက ငါးသိန်း ကျော်ပဲ ရှိနေသေးတယ်၊ မြန်မာနိုင်ငံ လူဦးရေနဲ့ ပြောရရင်တော့ ၅၁ သန်းမှာ ၁ ရာခိုင်နှုန်းပဲ ရှိသေးတော့ နည်းသေးတာပေ့ါ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာခြင်းနှင့်အတူ ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ရန်လည်း လိုအပ်နေသေးသည်ဟု  ပြည်တွင်းလုပ်ငန်းရှင် အများစုက သုံးသပ်ထားကြသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂၀၁၅ ခုနှစ် အကုန်တွင် ငါးသန်းအထိ မျှော်မှန်းထားပြီး ပြည့်မီရန် အလားအလာ ရှိနေသည်။ မြန်မာနိုင်ငံသည် စီးပွားရေး တံခါးဖွင့်ပေးလိုက်ပြီးနောက် ကဏ္ဍပေါင်းစုံမှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာနေပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက ၂၀၁၅ဘဏ္ဍာနှစ်၊ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ၂ ဘီလီနီးပါးရှိသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖေါ်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly