ကလေးကိုချစ်ရင် မနမ်းပါနဲ့

ကလေးကိုချစ်ရင် မနမ်းပါနဲ့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ချစ်လိုက်တာနော်။ အသည်းယားလာပြီ အာဘွားတွေလှိမ့်ပေးပစ်လိုက်မယ်ဆိုတာကို စကားအဖြစ်နဲ့ပဲပြောပါနော်။ ဘေဘီလေးကို တကယ်မနမ်းပါနဲ့။ ကလေးကိုနမ်းတာက ချစ်လို့လုပ်တဲ့ အပြုအမူဆိုပေမယ့် ကလေးကို ချစ်ရာမရောက်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးကနေတဆင့် ပြောချင်တာက ကလေးကို ကိုယ်တိုင်ရော သူစိမ်းတွေကနမ်းတာမျိုး မဖြစ်အောင်ပါ ဂရုစိုက်ပါနော်။
ဘေဘီလေးကိုနမ်းမလို့လား…… မနမ်းပါနဲ့……….

ကလေးကိုချစ်လို့နမ်းတာပဲလေ ဘာမှမဖြစ်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ အနမ်းတစ်ချက်က ကလေးကို အသက်အန္တရာယ်ထိခိုက်တာအထိဖြစ်စေနိုင်ပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အခုနောက်ပိုင်းကာလတွေမှာ ရောဂါတွေက ဆန်းပြားလာသလို တံတွေး၊ချွေးတို့ကနေတဆင့်လည်း အလွယ်တကူကူးစက်နိုင်ပါတယ်နော်။ ဘေဘီလေးတွေက ကိုယ်ခံအားနည်းကြသလို နုနယ်လွန်းသေးတာကြောင့် ရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိသေးတာမို့ မေမေဖေဖေတို့က အစစအရာရာသတိထားပေးဖို့လိုမှာပါနော်။ ကလေးကိုမနမ်းခိုင်းရတဲ့အကြောင်းအရင်းတွေကတော့ အနမ်းကနေတဆင့် ကလေးကို ရောဂါပေးလိုက်မိသလိုဖြစ်မှာကြောင့်ပါနော်။

ကလေးကိုနမ်းရင် ဘာတွေဖြစ်နိုင်လဲ

ကလေးကို ချစ်လို့ပွေ့ချီရာကနေ နမ်းလိုက်မယ်ဆိုရင် ကလေးမှာ ရောဂါတွေကူးစက်သွားနိုင်မှာပါ။ အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေဆီအထိရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်နော်။

ရေယုန်

ရေယုန်ပိုးရှိတဲ့လူကြီးတစ်ယောက်က ကလေးကိုနမ်းမိလိုက်မယ်ဆိုရင် ကလေးမှာ ရေယုန်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်တောင်မသိလိုက်ရဘဲ ကလေးကို ရေယုန်ဖြစ်စေတဲ့ ပိုးကူးစက်သွားနိုင်ပါတယ်နော်။

ခံတွင်းအနာတွေ

ကလေးကိုနမ်းတဲ့အခါ အထူးသတိထားသင့်တာတစ်ခုက ကလေးနှုတ်ခမ်းကို မနမ်းမိစေဖို့ပါ။ ခံတွင်းမျာ အနာရှိနေသူတစ်ယောက်ယောက်က ကလေးနှုတ်ခမ်းကို နမ်းလိုက်မိမယ်ဆိုရင် ကလေးကိုတံထွေးကနေတဆင့် ရောဂါပိုးကူးစက်သွားပြီး ကလေးမှာ ခံတွင်းအနာဖြစ်နိုင်ပါတယ်။

သွားနဲ့ခံတွင်းပြဿနာ

ကလေးကို နှုတ်ခမ်းကို နမ်းမိရာကနေ ခံတွင်းထဲကို တံထွေးဝင်သွားရာကနေတဆင့် ကလေးငယ်လေးမှာ သွားနဲ့ ခံတွင်းပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဖြစ်နိုင်ရင် မနမ်းပါနဲ့။

တီဘီရောဂါ

တီဘီရောဂါရှိနေသူက သူကိုယ်တိုင် မသိတဲ့အခြေအနေမျိုးဖြစ်နေမယ်။ ကလေးကိုနမ်းရှုတ်မိမယ်ဆိုရင် နုနယ်လွန်းတဲ့ကလေးက အလွယ်တကူပဲ တီဘီရောဂါကူးစက်သွားနိုင်ပါတယ်နော်။

အသည်းရောင်အသားဝါရောဂါ

အသည်းရောင်အသားဝါပိုးရှိနေသူက သိသာတဲ့လက္ခဏာသိပ်မတွေ့ရဘူးဆိုရင် ရှိလို့ရှိမှန်းတောင်သိဖို့ခက်မှာပါ။ ဒါကြောင့် အသည်းရောင်အသားဝါပိုးရှိသူက ကလေးကို နမ်းမိမယ်ဆိုရင် တံထွေး၊ချွေးတို့ကနေတဆင့် ကလေးကို ရောဂါကူးသွားနိုင်ပါတယ်နော်။

အစာအိမ်ပိုးကူးစက်ခြင်း

ရောဂါပိုးရှိနေတဲ့ လူကြီးတစ်ယောက်က ကလေးကိုနမ်းရှုတ်မိရာကနေ ကလေးမှာ အစာအိမ်ပိုးကူးစက်နိုင်ပါတယ်နော်။ အထူးသဖြင့်တော့ နှုတ်ခမ်းကိုနမ်းတာပေါ့။ နှုတ်ခမ်းကနေတဆင့် အစာခြေလမ်းကြောင်းတလျှောက်ဆင်းသွားပြီး ကလေး အစာအိမ်ထဲကိုရောက်သွားနိုင်ပါတယ်နော်။

ကြက်ညှာချောင်းဆိုး

ရောဂါရှိသူရဲ့ အနမ်းတစ်ချက်ကြောင့် ကလေးမှာ ကြက်ညှာချောင်းဆိုးဖြစ်နိုင်ပါတယ်နော်။ ဒါက ကလေးအတွက်တော်တေ်ာအန္တရာယ်များတဲ့ အခြေအနေပါနော်။ ဒါကြောင့် သတိထားစေချင်ပါတယ်နော်။

အဖျား

ဖျားရတာက ဗိုင်းရပ်စ်ကြောင့်ပါ။ ပြီးတော့ ဒီဗိုင်းရပ်စ်က လေထဲကနေတဆင့်တောင် ကူးစက်နိုင်တာပါ။ ဖျားချင်သလိုလိုဖြစ်နေတဲ့သူတစ်ယောက်ယောက်ကများကလေးကို နမ်းလိုက်မိမယ်ဆိုရင် ကလေးကို အဖျားပေးသလိုဖြစ်သွားမှာပါ။ ကိုယ်ခံအားလည်း နုနယ်လွန်းတဲ့ကလေးတစ်ယောက်အဖို့ ဖျားတာက တော်တေ်ာလေးခံရခက်တဲ့ ပြဿနာတစ်ခုပါနော်။ ဒါကြောင့် ကလေးကို ဂရုစိုက်ပေးပါ။

ဒါကြောင့်ကလေးကို ဖြစ်နိုင်ရင် ကိုယ်တိုင်လည်း မနမ်းမိအောင်သတိထားပြီး အခြားသူတွေကိုလည်း ပေးမနမ်းဖို့ ပြောပါရစေ။ ကလေးတွေက ကာကွယ်ဆေးတွေလည်း အပြည့်အဝမထိုးရသေး၊ ကိုယ်ခံအားကလည်း ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အစစအရာရာကို သတိထားဖို့ ပြောပါရစေနော်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly