ခြေ/ဥစာအုပ်ကို ခြေထောက်ဖြင့်နင်းပြီး ဆန္ဒပြသဖြင့် အမှုဖွင့်ခံရသူ ကိုယ်တိုင်လာအဖမ်းခံ

ခြေ/ဥစာအုပ်ကို ခြေထောက်ဖြင့်နင်းပြီး ဆန္ဒပြသဖြင့် အမှုဖွင့်ခံရသူ ကိုယ်တိုင်လာအဖမ်းခံ
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန် ၊ ဇွန် ၁၉ ။          ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်ဖြင့် နင်းခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)/၁၅၃ ဖြင့် အမှုဖွင့်ခံထားရသော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းသည် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ကိုယ်တိုင်လာအဖမ်းခံခဲ့သည်ဟု မနေဇာထွန်းက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

“ညကမှလာဖမ်းတာ၊ အဲ့တော့ ဒီမနက်မှ အစ်မကိုယ်တိုင်လာပြီးအဖမ်းခံတာ။ ဖမ်းတာကလည်း ညတုန်းကမှဆိုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုမရှိသေးဘူး” ဟု မနေဇာက ဆိုသည်။

အဆိုပါအမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)/၁၅၃ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမောင်မောင် မှ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းလည်းဖြစ်သည်။

“အမှုနဲ့ပတ်သက်ပြီး သူကိုယ်တိုင်လာပြီးအဖမ်းခံတယ်။ သူ့အမှုကတော့ ပ-၄၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ၅၀၅(ခ)/၁၅၃ နဲ့ တစ်မှုတည်းပါ” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမောင်မောင်က ဆိုသည်။

လက်ရှိတွင် အကျဉ်းကျခံထားရသူ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အမှုရင်ဆိုင်နေစဉ် ကာလ အတွင်း၌ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးရှေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်ဖြင့် နင်းပြီး မနေဇာထွန်းမှ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရပုံ၊ တပ်တွင်း အကျဉ်းထောင်တွင် နေခဲ့ရပုံတို့ကို RFA သတင်းဌာနမှ  ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ရိုက်ကူးထုတ်လွှင့်ခဲ့ပြီးနောက် ကိုအောင်ကိုထွေးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် တရားရုံးထုတ်စဉ် တရားရုံးကို သပိတ်မှောက်ခဲ့သည့်အတွက် တရားရုံး မထီမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆ လ အပြစ်ပေးခံထားရကာ အင်းစိန်အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ်ကျခံနေရသူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required