ကာတာကို ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်မှုမှာ အကျင့်ပျက်ခြစားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရာကနေ ပလာတီနီ ပြန်လွတ်လာ

ကာတာကို ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရွေးချယ်မှုမှာ အကျင့်ပျက်ခြစားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရာကနေ ပလာတီနီ ပြန်လွတ်လာ
Photos: EPA

ယူအီးအက်ဖ်အေအကြီးအကဲဟောင်း မစ်ချယ် ပလာတီနီဟာ ကာတာနိုင်ငံကို ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ပေးအပ်ခဲ့တာပတ်သက်ပြီး အင်္ဂါနေ့က နာရီများစွာ စုံစမ်းမေးခွန်းမေးမြန်ခံရပြီးနောက်မှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံရမှုမှ လွတ်မြောက်လာခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်က ၂၀၁၅ ခုနှစ်အထိ (၈)နှစ်ကြာ တာဝန်ယူခဲ့တဲ့ ပြင်သစ်ဂန္တဝင်ကစားသမးကြီး ပလာတီနီဟာ ၂၀၁၀ ခုနှစ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် မဲပေးခဲ့မှုမှာ လာဘ်စားမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ ပြစ်ချက်ကြောင့် ဇွန်လ (၁၈)ရက်၊ မနက်ပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြင်သစ်ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။

ပလာတီနီက ဘယ်လိုအမှားအယွင်းကိုမှ မကျူးလွန်ဘူးလို့ ငြင်းဆိုခဲ့ပြီး ဒီအမှုရဲ့ အချက်အလက်တွေဟာ "ပလာတီနီ သိရှိခြင်း မရှိကြောင်း" သူ့ရဲ့ ကိုယ်စားလှယ်တွေက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပလာတီနီရဲ့ ရှေ့နေ ဝီလျံ ဘော်ဒီက သူဟာ ဘာစွဲချက်မရှိဘဲ လွတ်လာခဲ့ပြီး "သူမသိတဲ့ စိတ်ပျက်စရာကောင်းတဲ့ အကြောင်းအရာတွေသာ"ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်။

အသက် ၆၃ နှစ်ရှိ ပလာတီနီဟာ ပါရီမြို့ အနောက်ပိုင်း ဆင်ခြေဖုံးက နန်ထဲရားမှာရှိတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲစခန်းကနေ လွတ်မြောက်လာတာဖြစ်ပါတယ်။

"ဒါက ကြာပါပြီ။ ဒါပေမယ့် များပြားလှတဲ့ မေးခွန်းတွေကို စဉ်းစားနေပါတယ်။ ဒါဟာ တော်တော်လေး ကြာမြင့်ခဲ့ပါပြီ။ ယူရို ၂၀၁၆၊ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်းတွေ ကျနော် မေးမြန်းခံရတာပါ။"လို့ ပလာတီနီက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၁၁ ကမ္ဘာ့ဖလားပြိုင်ပွဲတွေရဲ့ ကျင်းပခွင့်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ရှိနေပြီး ယခင်က ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ပါတယ်။

ဖီဖာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်မှုမှာ ပလာတီနီပါဝင်ပတ်သက်ခဲ့မှုတွေကို စုံးစမ်းစစ်ဆေးပြီး အခုလို ထိန်းသိမ်းလိုက်တာဖြစ်ပြီး ဆပ်ဘလတ္တာနဲ့အတူ ၂၀၁၅ ခုနှစ်တုန်းကလည်း တစ်ကြိမ် ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

အဆိုပါဖြစ်ရပ်မှာ ပလာတီနီက ဆပ်ဘလတ္တာဆီကနေ ပေါင် (၁.၃၅) သန်းရယူခဲ့ပြီး အကျင့်ပျက်ခြစားခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ပလာတီနီဟာ ဘောလုံးလောကကနေ (၈)နှစ် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အရပ်ဘက်ဆိုင်ရာ အားကစားခုံရုံးကနေ အယူခံဝင်ရာ (၄)နှစ် လျော့ကျသွားသလို ယူအီးအက်ဖ်အေဥက္ကဋ္ဌရာထူးကိုလည်း စွန့်လွှတ်ခံရပါတယ်။ ဘလတ္တကိုယ်တိုင်လည်း (၄)နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းအရ အဲဒီအချိန်က ယူအီးအက်ဖ်အေနဲ့ ဖီဖာဒုဥက္ကဋ္ဌဖြစ်သူ ပလာတီနီဟာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ပါရီမြို့က Elysee နန်းတော်မှာ ပြင်သစ်သမ္မတဟောင်းဖြစ်တဲ့ ဆာကိုဇီ၊ ကာတာရဲ့ မင်းသား တာမီဘင်ဟာမက်အယ်လ်သာနီတို့နဲ့အတူ "လျှို့ဝှက်တွေ့ဆုံမှု"ပြုလုပ်ခဲ့တယ်လို့ ဖော်ပြသွားခဲပါတယ်။

အဆိုပါတွေ့ဆုံမှုအပြီး တစ်ပတ်လောက်အကြာမှာ ဖီဖာဟာ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်အတွက် ကာတာကို ပေးအပ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ ဆာကိုဇီက ပလာတီနီကို ဖီဖာနဲ့ ယူအီးအက်ဖ်အေမှာ သြဇာနဲ့ အာဏာသုံးပြီး ကာတာကို ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် မဲပေးဖို့ ပြောခဲ့တယ်ဆိုတာကို ပလာတီနီက ငြင်းဆန်သွားခဲ့ပါတယ်။

ပလာတီနီရဲ့ ကိုယ်စားလှယ်တွေက "သူဟာ ဒီအမှုမှာ လုံးဝ သက်ဆိုင်ခြင်းမရှိပဲ မှားယွင်းမှု ဘာမှလည်း လုံးဝ မရှိကြောင်း"ကြေညာချက်ထဲမှာ ပြောဆိုသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly