ပို့သသည့်မေတ္တာတိုင်းကို ခံစားရမိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ပို့သသည့်မေတ္တာတိုင်းကို ခံစားရမိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ရန်ကုန် ၊ ဇွန် ၁၉ ။            ။ မွေးနေ့ဆုတောင်းများ ၊ မွေးနေ့လက်ဆောင်များပေးပို့သူတိုင်း၏အမည်ကို သူ့အနေဖြင့် သိချင်မှ သိမည်ဖြစ်သော်လည်း ပို့သသည့် မေတ္တာကိုမူ ခံစားမိရသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ၇၄ နှစ်ပြည့် မွေးနေ့တွင် ပြောဆိုလိုက်သည်။

“ပို့သတဲ့ မေတ္တာတွေကိုတော့ အနည်းလေးမှ မကျန်ခံစားရပါတယ်။ ဒါဟာ ကျွန်မရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ ပေးတဲ့ ဆုတိုင်း ထိရောက်ပါတယ်။ ကောင်းကင်က ကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော အသက် ၇၄ နှစ်ပြည့်တွင် မွေးနေ့ဆုတောင်းပေးပို့ကြသည့် “ပြည်သူပြည်သားများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ။ လိုအင်ဆန္ဒအပေါင်းပြည့်ဝနိုင်ကြပါစေ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံးမှ ကျေးဇူးတင်လွှာ ထုတ်ပြန်ထားသည်။

“များပြားလှသောမေတ္တာ ၊ စေတနာရှင်များရဲ့အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင်မမှားပါဘူး” ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံး၌ မွေးနေ့ကိတ်မုန့်ခွဲပြီး ဆုမွန်ကောင်းတောင်းခဲ့ကြသလို မဟာဗန္ဓုလ ပန်းခြံတွင်လည်း လူပေါင်း ၇၄၀ ခန့်ဖြင့် ပုံဖော် ဆုတောင်းပွဲ ကျင်းပခဲ့သည်။

ထို့အပြင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ကော်မတီဆောင် I-12 တွင် ဇွန်လ ၁၉ရက်နေ့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မွေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly