ဟောင်ကောင်ခေါင်းဆောင် တောင်းပန်ပေမယ့် ဆက်လက်ဆန္ဒပြသွားမည်

ဟောင်ကောင်ခေါင်းဆောင် တောင်းပန်ပေမယ့် ဆက်လက်ဆန္ဒပြသွားမည်

ဟောင်ကောင်၊ ဇွန် ၁၉ ။             ။ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေကို ချိတ်ဆက်လှုပ်ရှားနေတဲ့ အရပ်ဖက်အခွင့်အရေးအဖွဲ့အစည်းတစ်ရပ်က ဟောင်ကောင်ခေါင်းဆောင်ရဲ့ တောင်းပန်မှုကို ဇွန် ၁၈ ရက်မှာ ပယ်ချပြီး ဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွှဲသွားမယ်လို့ ကြေညာပါတယ်။

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းဟာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို မျက်ကွယ်ပြုထားပြီး တောင်းပန်စကားဆိုတာမျိုးအတွက် စိတ်ပျက်ရကြောင်း အရပ်ဖက်လူ့အခွင့်အရေးတပ်ဦး အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဘွန်နီလောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ခေါင်းဆောင် ကယ်ရီလမ်းဟာ ရာထူးက နုတ်ထွက်ပေးခြင်းလည်း မရှိသလို တရုတ်ဆီ တရားခံလွှဲပြောင်းမယ့် ဥပဒေကြမ်းကိုလည်း ရုပ်သိမ်းတာ မရှိတဲ့အတွက် သူ့ရဲ့ တောင်းပန်စကားကို လက်ခံမှာ မဟုတ်ဘူးလို့ အဲဒီ အဖွဲ့က ပြောပါတယ်။

ဒါအပြင် လူပေါင်း နှစ်သန်းကျော် ပါဝင်ဆင်နွှဲခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲကြီးမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာမျိုးတွေ ရှိခဲ့ကြောင်းလည်း ၎င်းတို့အဖွဲ့က ပြောပါတယ်။

မိမိတို့ အဖွဲ့အစည်းအနေနဲ့ ကျန်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့  အကြံဉာဏ်ကို တိုင်ပင်ဆွေးနွေးမှာဖြစ်ပြီး နောက်ထပ် လှုပ်ရှားမှုကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်လို့ ဘွန်နီလောင်းက ပြောပါတယ်။

ဟောင်ကောင်မှာ တရုတ်ဆီ တရားခံလွှဲပြောင်းတဲ့ ဥပဒေကို အတည်ပြုဖို့ လုပ်ဆောင်လာတာကြောင့် သမိုင်းတင်လောက်တဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ပြီး တရုတ်လိုလားတဲ့ ခေါင်းဆောင်ဖြစ်သူ ကယ်ရီလမ်းဟာ အင်္ဂါနေ့ အစောပိုင်းမှာ ပြည်သူထံ တောင်းပန်စကား ဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly