အာဏာရရှိမှု တစ်နှစ်ကြာပြီးနောက် သမ္မတ ဂျိုကိုဝီကို အင်ဒိုနီးရှားနိုင်ငံသားများ ကျေနပ်အားရမှုမရှိ

အာဏာရရှိမှု တစ်နှစ်ကြာပြီးနောက် သမ္မတ ဂျိုကိုဝီကို အင်ဒိုနီးရှားနိုင်ငံသားများ ကျေနပ်အားရမှုမရှိ

ဂျာကာတာ၊ အောက်တိုဘာ ၉ ။        ။ Indo Barometer ကပြုလုပ်သော စစ်တမ်းတစ်ခုအရ သမ္မတ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒိုနှင့် ဒု-သမ္မတ ဂျူဆွတ်ကာလာအပေါ်  အင်ဒိုနီးရှားပြည်သူများ၏ ကျေနပ်အားရမှုမှာ အဆက်မပြတ်ကျဆင်းလျက်ရှိသည်။

မစ္စတာဂျိုကိုဝီအပေါ် ပြည်သူများ၏ ကျေနပ်နှစ်သက်မှုမှာ စက်တင်ဘာလက ၄၆ ရာခိုင်နှုန်းသာရှိခဲ့ပြီး မတ်လက ၅၇ဒသမ၅ရာခိုင်နှုန်းရှိခဲ့ရာမှ ကျဆင်းလာခြင်းဖြစ်ကြောင်း အောက်တိုဘာ ၈ ကထုတ်ပြန် ခဲ့သော Indo Barometer ၏ စစ်တမ်းက ဖော်ပြခဲ့သည်။ ထို့အပြင် မစ္စတာကာလာအပေါ် လူထုနှစ်သက်မှုမှာ လက်ရှိအချိန်တွင် ၄၂ဒသမ၁ရာခိုင်နှုန်းရှိပြီး ၅၃ဒသမ၃ရာခိုင်နှုန်းမှ လျော့ကျလာ ခဲ့ခြင်းဖြစ် သည်။

စစ်တမ်းဖြေဆိုသူအများစုက အစိုးရ၏ စီးပွားရေးလုပ်ဆောင်ချက်အပေါ် ကျေနပ်အားရမှုမရှိခဲ့ဟု Indo Barometer ၏ အမှုဆောင်ဒါရိုက်တာ အဲမ်ခိုဒါရီက ပြောကြားခဲ့သည်။ "လူထုက စီးပွားရေးအပေါ် အလေးထားတယ်။ ဂျိုကိုဝီ-ကာလာအစိုးရရဲ့ မအောင်မြင်မှုနဲ့ ပတ်သက်တာ မေးတော့ ထိပ်ဆုံးအဖြေလေးခုက စီးပွားရေးနဲ့ ပတ်သက်နေတယ်"ဟု ၎င်းကပြောသည်။

အလားတူ ကက်ဘိနက်ဝန်ကြီးများအပေါ်ထောက်ခံနှုန်းမှာ ၃၇ဒသမ၁ရာခိုင်နှုန်းသာရှိခဲ့ပြီး မတ်လက ၄၆ဒသမ၈ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ လျော့ကျလာခဲ့ခြင်းဖြစ်သည်။

စစ်တမ်းအရ ဖြေဆိုသူ ၁၇ဒသမ၃ရာခိုင်နှုန်းက အစိုးရသည် အခြေခံကုန်စည်များ၏ ဈေးနှုန်းကို မထိန်းနိုင်ဟု ဖြေကြားခဲ့သည်။ အစိုးရသည် နိုင်ငံ၏ စီးပွားရေးပြသနာများကို မဖြေရှင်းနိုင်ဟု ၁၃ ဒသမ ၃ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ ထို့အပြင် ဖြေဆိုသူ ၇ဒသမ၄ရာခိုင်နှုန်းက အစိုးရသည် ရူပီးယားငွေအားပျော့နေမှုအား ကာကွယ်ရန်ပျက်ကွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ဖြေဆိုသူ ၄ဒသမ၁ရာခိုင်နှုန်းကမူ အစိုးရသည် လောင်စာဆီဈေးနှုန်းများကို ထိန်းသိမ်းရန်ပျက်ကွက်ခဲ့သည်ဟု ဖြေကြားသည်။

ထို့အပြင် မစ္စတာဂျိုကိုဝီသည် အလုပ်အကိုင်ဖန်တီးမှု၊ ဝန်ကြီးများအားထိန်းချုပ်နိုင်မှုနှင့် ခြစားမှုတိုက်ဖျက်ခြင်းတို့ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု စစ်တမ်းဖြေဆိုသူများက ယူဆကြသည်။ သို့သော် အစိုးရ၏ လုပ်ဆောင်မှုကို သဘောကျသူတို့ကလည်း ကျန်းမာရေး၊ ပညာရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုတို့တွင် အစိုးရက အောင်မြင်အောင်လုပ်ဆောင်နိုင်သည်ဟု ပြောသည်။

စစ်တမ်းကို ပြည်နယ် ၃၄ ခုတွင် စက်တင်ဘာ ၁၄မှ ၂၂အထိ လူပေါင်း ၁,၂၀၀ကို မေးမြန်းခဲ့ပြီး ၉၅ရာခိုင်နှုန်း မှန်ကန်နိုင်ပြီး မှားယွင်းကိန်းပမာဏမှာ ၃ရာခိုင်နှုန်းသာရှိသည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly