စိုင်းဉာဏ်လင်း ပါဝင်မည့် ONE Warrior Series 6 ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၅ တွဲ

စိုင်းဉာဏ်လင်း ပါဝင်မည့် ONE Warrior Series 6 ပြိုင်ပွဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်း ၅ တွဲ

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလောကမှ အလားအလာအရှိဆုံး ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည့် ONE Warrior Series 6 (OWS6) ပြိုင်ပွဲကို လာမည့် ဇွန် ၂ဝတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ONE Championship ၏ ဒုတိယဥက္ကဌ Rich Franklin ကိုယ်တိုင် ကမ္ဘာတစ်လွှားသို့ လှည့်လည် ရှာဖွေထားသည့် ပါရမီရှင်ကစားသမားများ ပါဝင်ကြမည့် အဆိုပါ OWS ပြိုင်ပွဲတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ကြသူများသည် ONE Championship နှင့် အမေရိကန် ဒေါ်လာတစ်သိန်းတန်ကြေးရှိသည့် စာချုပ်များ ချုပ်ဆိုခွင့်ရကြမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ပြိုင်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် တွဲဆိုင်းများထဲမှ စိတ်ဝင်စားဖွယ် အကောင်းဆုံးတွဲဆိုင်းများကို ရွေးချယ်တင်ပြလိုက်ရပါသည်။

Hyunjin Lee နှင့် Shinechagtga Zoltsetseg ပြီးခဲ့သည့် OWS5 ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် ကစားသမားများအနက် ပရိသတ်သတိအထားမိဆုံးသော ကစားသမားတစ်ဦးမှာ မွန်ဂိုလီးယား လူငယ် ကစားသမား Shinechagtga Zoltsetseg ဖြစ်သည်။ ၎င်း၏ အချုပ်အသိမ်း နပမ်းကွက်များသည် အခြားကစားသမားများနှင့် မတူဘဲ ထူးထူးခြားခြား ဖြစ်နေပြီး ပြိုင်ဘက်ကို မထင်မှတ်သည့် ပုံစံဖြင့် ဖမ်းချုပ်နိုင်စွမ်းရှိသည်ကို မြင်တွေ့ခဲ့ကြရသည်။ Zoltsetseg သည် ကျင်းပပြီးစီးခဲ့သည့် OWS ပြိုင်ပွဲ ၅ ကြိမ်တွင် ၄ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့ကာ ၃ ပွဲ အနိုင်ရထားသည်။ ထို့ကြောင့် ယခုပွဲသည် OWS6 ၏ အဓိကတွဲဆိုင်းဖြစ်သလို Zoltsetseg အတွက်လည်း ONE Championship နှင့် စာချုပ်ချုပ်ဆိုခွင့် အတွက် နောက်ဆုံး စမ်းသပ်ချက် ဖြစ်သည်။

သို့သော် ၎င်းနှင့်ရင်ဆိုင်ရမည့် တောင်ကိုရီးယား ကစားသမား Hyunjin “The Lion” Lee မှာလည်း လျှော့တွက်၍ ရသည့် ကစားသမားမျိုး မဟုတ်ပေ။ ငယ်စဉ်ကတည်းက အတိုက်အခိုက်ကို ဝါသနာထုံပြီး တိုက်ကွမ်ဒို၊ လက်ဝှေ့၊ မွေထိုင်းနှင့် ဂျူဂျစ်ဆု ပညာရပ်များကို လေ့လာသင်ယူဖူးသူ Lee သည် ငယ်စဉ်က တောင်ကိုရီးယား လမ်းမများပေါ်တွင် လက်ရုံးအားပြုကာ ကျင်လည် ခဲ့ဖူးသူ ဖြစ်သည်။ ရင့်ကျက်သည့်အရွယ် ရောက်လာသည့်အခါ အားကစားလောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ဂျူဂျစ်ဆု ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရခဲ့သည်။ Lee သည် OWS ပြိုင်ပွဲနှစ်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ရရှိထားရာ ယခုပွဲသည် ၎င်း၏ဘဝ အပြောင်းအလဲအတွက် အရေးပါသည့်ပွဲ ဖြစ်လာနိုင်သောကြောင့် အစွမ်းကုန် ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမား ဖြစ်သည်။

Myeong Gu Kim နှင့် Jerry Olsim

ဒုတိယအဓိကတွဲဆိုင်းအဖြစ် ကစားရမည့် တောင်ကိုရီးယားကစားသမား Myeong Gu Kim နှင့် ဖိလစ်ပိုင်ကစားသမား Jerry “Bokodian Warrior” Olsim တို့ ပွဲကလည်း စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နာမည်ကြီး Team Lakay၏ လူငယ် ကစားသမားတစ်ဦးဖြစ်သော Olsim သည် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သက်တမ်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသူ ဖြစ်သည်။ Olsim သည် ပြည်တွင်းပွဲ ၂ ပွဲနှင့် OWS ပြိုင်ပွဲ ၃ ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၅ ပွဲစလုံး အနိုင်ရလဒ်ရရှိထား သည်။ ထို့ကြောင့် ယခုပွဲ အနိုင်ရပါက ၎င်းကို ONE Championship နှင့် စာချုပ်ချုပ်ဆိုခွင့် ပိုမိုနီးစပ်လာစေမည်ဖြစ်ပြီး Team Lakay နောင်တော်ကြီးများ၏ အောင်မြင်မှုခြေရာကို နင်းနိုင်ရန် အခွင့်အလမ်းဖြစ်သည်။

သို့သော် Olsimနှင့် ရင်ဆိုင်ရမည့် Kim ကလည်း အလွယ်တကူ အနိုင်ယူနိုင်မည့် ကစားသမားမျိုး မဟုတ်သည် ကိုလည်း တွေ့ရသည်။ တောင်ကိုရီးယား ပြည်တွင်းပွဲများတွင် ငါးနှစ်ကျော် ကျင်လည်ခဲ့ဖူးပြီး ပွဲပေါင်း ၁၄ ပွဲ ကစားရာတွင် ၁ဝ ပွဲ နိုင်ထားသူ Kim သည် အတွေ့အကြုံရင့်ကျက်သည့် ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းနောက်ဆုံး ရင်ဆိုင်ခဲ့ရသည့် ကစားသမား ၃ ဦး ဆိုလျှင် စုစုပေါင်း နိုင်ပွဲ ၅ဝ အထက် ရှိကြသည့် ဂန္တဝင် ကစားသမား ကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် Olsim နှင့် ယှဉ်လျှင် အတွေ့အကြုံပိုင်း အပြတ်အသတ် သာလွန်နေသည့် Kim သည် ၎င်း၏ ပထမဆုံး OWS ပြိုင်ပွဲကို မျက်နှာပန်းလှစေရန် မီးကုန်ယမ်းကုန် ကြိုးစားယှဉ်ပြိုင်မည့် ကစားသမားဖြစ်သည်။

De’Von Morris နှင့် Javed Mulla

အမေရိကန် နိုင်ငံသား De’von “Bam Bam” Morris နှင့် အိန္ဒိယ ကစားသမား Javed Mulla တို့၏ ပွဲကလည်း အကြိတ်အနယ် ရှိမည့် ပွဲကောင်း တစ်ပွဲဲ ဖြစ်သည်။ ထိုင်းနိုင်ငံမှ Phuket Top Team ကလပ်တွင် အခြေစိုက်ကာ မွေထိုင်းနှင့် ဂျူဂျစ်ဆု ပညာများ လေ့ကျင့်နေသည့် Morris သည် အာရှ တစ်လွှားမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲ အများအပြားတွင် လှည့်လည် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။
အသက်အရွယ် အားဖြင့် အကောင်းဆုံး အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ကစားသမားဘဝ နောက်ထပ် အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်ရန် ဆန္ဒပြင်းပြနေသည်။ Morris သည် OWS ပြိုင်ပွဲ ၂ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၂ ပွဲစလုံး အနိုင်ရထားသည်။

၎င်းအနေဖြင့် ရင်ဆိုင်ရမည့် Mulla မှာလည်း အတွေ့အကြုံ ရင့်ကျက်သည့် ဝါရင့်ကစားသမားကြီး တစ်ဦး ဖြစ်သည်။ လိုက်ဟဲဗီးဝိတ် တန်းအထိ တက်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူသည် Mulla သည် ၂ဝဝ၆ ခုနှစ် ကတည်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပွဲများ စတင် ကစားနေခဲ့သူ ဖြစ်သည်။ ရှေ့ပိုင်းတွင် ပွဲဆက်များ ဝေးခဲ့သော်လည်း ၂ဝ၁၇ နောက်ပိုင်းတွင် ပြန်လည် ဇောက်ချကစားလာ ခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။ OWS တွင် ယခုမှ ပွဲဦးထွက်သည့် Mulla သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင် သမိုင်းသစ် ရေးထိုးနိုင်သည့် အိန္ဒိယကစားသမား ဖြစ်ရန် ဆန္ဒ ပြင်းပြနေသူလည်း ဖြစ်သည်။

Ji Yeon Seo နှင့် Edilah Johany

OWS6 တွင် အမျိုးသမီးတွဲဆိုင်း ၂ ဆိုင်း ပါဝင်သည့်အနက် တောင်ကိုရီးယားသူ “Honey Bee” Ji Yeon Seo နှင့် မလေးရှားသူ Edilah “Ilah” Johany တို့ပွဲက စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။ အသက် ၁၈ နှစ်သာ ရှိသေးသည့် Seo သည် တောင်ကိုရီးယား၏ အလားအလာ အရှိဆုံး လူငယ်ကစားသမား တစ်ဦး ဖြစ်သည်။ အသက်အရွယ်နှင့် မလိုက်သည့် ပွဲအတွေ့ အကြုံများရှိနေပြီး အသက် ၁၆ နှစ် ကတည်းက စတင်ခဲ့သည့် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၁ဝ ပွဲ ယှဉ်ပြိုင်ခဲ့ကာ ၆ ပွဲနိုင် ၄ ပွဲရှုံး ရလဒ် ရရှိထားသည်။ ထို့ပြင် Seo သည် ကနေဒါ နိုင်ငံ၏ TFC ပြိုင်ပွဲ စတောဝိတ်တန်းတွင် ထိပ်တန်း ကစားသမားလည်း ဖြစ်သည်။

မလေးရှား၏ ထိပ်တန်းကလပ်တစ်ခုဖြစ်သည့် Ewako Gym မှ ထွက်ရှိလာသည့် ကစားသမား Johany မှာမူ ပွဲအတွေ့အကြုံ အားဖြင့် နည်းပါးသော်လည်း ကလပ်တွင် နာမည်ကြီး ကစားသမားများနှင့် ယှဉ်တွဲလေ့ကျင့်ခွင့်ရခဲ့သဖြင့် မြန်မြန်ဆန်ဆန် တိုးတက်လာသူ ဖြစ်သည်။ OWS ပြိုင်ပွဲ ၃ ပွဲ ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရရှိထားသည်။ နောက်ဆုံးကစားခဲ့သည့် ပွဲဆိုလျှင် နိုင်ငံတူ ကစားသမား Roshnee Khaira ကို ၁၄ စက္ကန့် အတွင်းအလဲထိုး အနိုင်ရထားသူ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ နှစ်ဦး ထိပ်တိုက်တွေ့သည့် ပွဲက အကြိတ်အနယ် ရှိနိုင်မည် ဖြစ်သည်။

Peter Danasoe နှင့် စိုင်းဉာဏ်လင်း

OWS ပြိုင်ပွဲများတွင် နိုင်ပွဲရရှိရန် အစွမ်းကုန် ကြိုးစားလေ့ကျင့်နေသည့် မြန်မာကစားသမား စိုင်းဉာဏ်လင်းသည် ယခု ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား Peter Danasoe နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ Team PT အခြေစိုက်လေ့ကျင့်နေသည့် စိုင်းဉာဏ်လင်းသည် မြန်မာ့ လက်ရွေးစင် ကရာတေး ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ၎င်း၏ ဝိတ်တန်းတွင် သုံးနှစ်ဆက်တိုက် မြန်မာပြည် အလွတ်တန်း ချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ ၎င်းသည် ၂ဝ၁၈ မတ်လက ကျင်းပသော OWS1 ကတည်းက ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း ဘရူနိုင်း ကစားသမား Adib Sulaiman ကို ရှုံးနိမ့်ခဲ့သလို OWS2 တွင် တစ်နိုင်ငံတည်းသား ကစားသမား ပုညစိုင်း ကို ထပ်မံ ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ယခုပွဲသည် စိုင်းဉာဏ်လင်း၏ ONE Championship ပါဝင်ယှဉ်ပြိုင်ခွင့်ရရေး မျှော်လင့်ချက် ဆက်လက် ရှင်သန်နိုင်ရန် အတွက် မဖြစ်မနေ အနိုင်ရလဒ် လိုအပ်နေသည့် ပွဲဖြစ်သည်။

သို့သော် ၎င်းနှင့် ယှဉ်ပြိုင်ရမည့် Danasoe နှင့် ပတ်သက်၍ ယခင် ကစားခဲ့သည့် မည်သည့် မှတ်တမ်းမှ မတွေ့ရှိသဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ယခုမှ ပထမဆုံး ပရော်ဖက်ရှင်နယ်ပွဲ စတင်ကစားမည့်သူဟု ယူဆရဖွယ် ရှိနေသည်။ မည်သို့ပင် ဆိုစေကာမူ ကိုယ်ခံပညာ ကစားသမား ကောင်းများ ပေါ်ထွက်တတ်သည့် ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် ကစားသမား ဖြစ်ခြင်းနှင့် ၎င်း၏ ထိုးပုံထိုးကွက် ကစားဟန်ကို လေ့လာပြီး ကြိုတင်ပြင်ဆင်ထားနိုင်မှု မရှိခြင်းတို့ကြောင့် စိုင်းဉာဏ်လင်းအတွက် သတိထား ရမည့် ပြိုင်ဘက် တစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly