တောင်သူတွေ အခက်အခဲကို ကွင်းဆင်းဖြေရှင်းပေးမယ်

တောင်သူတွေ အခက်အခဲကို ကွင်းဆင်းဖြေရှင်းပေးမယ်
 (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိလာသည့် သုံးနှစ်ကာလအတွင်း တောင်သူများ၏ အခက်အခဲကို ကွင်းဆင်းဖြေရှင်းပေးမည့် ပထမဆုံး လှုပ်ရှားမှုကို မန္တလေးတိုင်းတွင် စတင်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီအတွင်းရေးမှူးက ပြောဆိုလိုက်သည်။

လာမည့် ဩဂုတ်လကစပြီး တစ်လျှင် မြို့နယ်လေးခုရှိ တောင်သူလယ်သမားများထံ အရောက်သွားပြီး ၎င်းတို့၏ အခက်အခဲကို တိုင်းလွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ တိုင်းအစိုးရထံ တင်ပြပေးခြင်း စသဖြင့် လုပ်ဆောင်သွားရန် ကော်မတီက စီစဉ်ထားသည်။

“ကော်မတီအနေနဲ့က တောင်သူတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ လုပ်နေပါတယ်။ အခုလုပ်မှာကတော့ တောင်သူတွေရဲ့ အခက်အခဲကို မေးမြန်းပြီး လွှတ်တော်မှာ မေးခွန်းမေးတာတွေ လုပ်မယ်။ ကျွန်တော်တို့ဘက် လုပ်ပေးနိုင်တာ လုပ်ပေးရအောင်လို့ပါ” ဟု စဉ့်ကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်အမတ်လည်းဖြစ်သည့် ဒေါက်တာ ကျော်နိုင်ဦးက ပြောသည်။

လက်ရှိတွင် ဒေါက်တာကျော်နိုင်ဦးတို့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီထံ တောင်သူအများစု တောင်းဆိုထားသည့် ကိစ္စများမှာ မျိုးကောင်းမျိုးသန့် ရရှိရေး၊ ဈေးကွက်ခိုင်မာစွာ ဖော်ဆောင်ပေးရေး၊ စိုက်ပျိုးစရိတ်ချေးငွေ သင့်တင်မျှတစွာ ရရှိရေး၊ စိုက်ပျိုးရေ အချိန်မီ ရရှိရေးနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အမြန်ဆုံး ရရှိရေးတို့ ဖြစ်သည်။

“အခက်အခဲတွေက အများကြီးပါပဲ။ အလုပ်သမား ပြဿနာ၊ မြေဆီမြေဩဇာ သွင်းအားစုဈေးနှုန်း ကြီးမြင့်မှု ပြဿနာ၊ စပါးဈေးက ထိုက်သင့်တဲ့ ဈေးမရတာတွေက တစ်နှစ်ထက်တစ်နှစ် ပိုပိုလာတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး ဖြစ်နေတယ်။ အဆင်ပြေသလို ဖြစ်သလို ဖြေရှင်းနေရတယ်” ဟု မတ္တရာမြို့နယ်၊ တံငါကျေးရွာမှ လယ်သမားကြီး ဦးသိန်းတန်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အလုပ်သမားခ ကြီးမြင့်လာသလို စပါးတင်းတစ်ရာလျှင် အနိမ့်ဆုံးဈေး ကျပ်ငါးသိန်း သတ်မှတ်ထားသော်လည်း လက်တွေ့တွင် တင်းတစ်ရာလျှင် ငွေကျပ် လေးသိန်းနှစ်သောင်း ကိုပင် ဝယ်ယူမည့် ကုန်သည်ကို ရှာနေရကြောင်းနှင့် ယခုလို လွှတ်တော်ကော်မတီမှ ကွင်းဆင်း အဖြေရှာမည့်အပေါ် ကြိုဆိုကြောင်းလည်း ဦးသိန်းတန်က ဆက်လက်ပြောကြားသည်။

ဒေါက်တာကျော်နိုင်ဦးကလည်း “ကျွန်တော်တို့အနေနဲ့ ကောင်းကောင်း လုပ်မပေးနိုင်သေးဘူး။ ကျွန်တော်တို့လည်း အမျိုးသားလွှတ်တော်တို့ ပြည်ထောင်စုလွှတ်တော်တို့နဲ့ လုပ်ရတဲ့ဘက်ကနေ ပြန််ချိတ်ဆက်ပြီး လုပ်နိုင်တဲ့ဘက်ကနေ ပြန်လုပ်ပေးသွားမယ်” ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီကို အမရပူရမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်အမတ် ဦးမြင့်ဆွေက တာဝန်ယူထားပြီး လွှတ်တော်အမတ် ရဦးဖြင့် ဖွဲ့စည်းထားသည်။

“ကော်မတီသည် မိမိတာဝန်ယူရမည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မြို့နယ်အလိုက် ထူးခြားသော အခြေအနေများ ရှိလျှင် လိုအပ်ချက်နှင့်အညီ မြေပြင်အရောက် ကွင်းဆင်း ထိတွေ့လေ့လာ၍  ကော်မတီတွင် အသေးစိတ် ဆွေးနွေးတင်ပြရမည်” ဟု ကော်မတီ၏ တာဝန်တွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly