AA ဖမ်းဆီးထားသည့် ဆောက်လုပ်ရေးဝန်ထမ်း ၈ ဦး လွတ်မြောက်ရေး ညှိနှိုင်းနေ

AA ဖမ်းဆီးထားသည့် ဆောက်လုပ်ရေးဝန်ထမ်း ၈ ဦး လွတ်မြောက်ရေး ညှိနှိုင်းနေ

နေပြည်တော်၊ ဇွန် ၁၈ ။           ။ ရက္ခိုင့်တပ် (AA )မှ ဖမ်းဆီးထားသည်ဆိုသော ဆုထူးစံကုမ္ပဏီမှ ဆောက်လုပ်ရေးဝန်ထမ်း ၈ ဦး ပြန်လည် လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ပလက်ဝဒေသ၊ မီဇိုရမ်ပြည်နယ်နှင့် ဆက်သွယ်သည့်လမ်းစီမံကိန်းလုပ်ဆောင်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ဖမ်းဆီးခံ ဝန်ထမ်း ၈ ဦးသည် လတ်တလောတွင် ပလက်ဝ- မီဇိုရမ် နယ်စပ်စခန်းတွင် ထိန်းသိမ်းခံထား ရကြောင်း ဝန်ကြီးက ဆိုသည်။

“ဆုထူးစံကုမ္ပဏီက ၈ ဦးကတော့ ကျွန်တေ်ာတို့အခု နယ်စပ်က စခန်းတစ်ခုမှာ ရောက်နေတယ်လို့ သတင်းရထားပါတယ်။ သူတို့ပြန်လွတ်ဖို့အတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်”ဟု ဦးကျော်လင်း က ပြောသည်။

ယနေ့ ဇွန် ၁၈ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် ပလက်ဝမြို့နယ်၊ ကုလားတန်တံတား(ပလက်ဝ)စီမံကိန်းအတွက် MV ရတနာဝင်း (၇) ရေယာဉ် ဖြင့် သယ်ဆောင်လာသည့် IKBZ အာမခံလုပ်ငန်း၏ ရေကြောင်းအာမခံ အကာအကွယ်ထားရှိသော သံဘောင် နှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့မှုကို အစားထိုးပေးအပ်သည့် အခမ်းအနားတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လကုန်ခန့်က ပလက်ဝ-မီဇိုရမ်ကားလမ်း ဖောက်လုပ်ရေးစီမံကိန်း၌ အလုပ်လုပ်နေသော ဆုထူးပန်ကုမ္ပဏီမှ ဝန်ထမ်း ၁၃ ဦးကို တပ်မတော်၏ သတင်းပေးဟု ဆိုကာ AAမှ ဖမ်းဆီးထားပြီးနောက် ၅ ဦးကို ပြန်လွှတ်ပေးခဲ့ကာ  ၈ ဦးမှာ ဆက်လက်ထိန်းသိမ်းခံနေရသည်ဟု အစိုးရဘက်မှ ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မေယုတောင်ကျော်လမ်း ၄ လမ်းကို ဖောက်လုပ်နေသည်ဟု သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီ - ပလက်ဝ လမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ဆောက်ရန် MV ရတနာဝင်းသင်္ဘောမှ သယ်ယူလာသော သံပေါင် တန်ချိန် (၂၈၆.၂၃) တန်နှင့် ဆက်စပ်ပစ္စည်းများအား မတ် ၁၆ ရက်က AA မှ မီးရှို့ခဲ့သဖြင့် တံတား၏ Bearing များ၊ မူလီနှင့် Nut များ၊ သုတ်ဆေးပုံးများ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၂၇၃၆၀)နှင့် ညီမျှသော မြန်မာကျပ်ငွေ (၄၉၁,၀၄၀,၀၀၀.၀၀) ခန့် ဆုံးရှုံးခဲ့သည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ  ယခုနှစ် မတ် ၃၀ ရက်က ထုတ်ပြန်ထားခဲ့ပြီးနောက် ယနေ့ IKBZ  Insurance မှ လျော်ကြေးငွေ ပြန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly