မြေလတ်ဒေသပုံရိပ် ရှုခင်းပန်းချီကားများကို ရန်ကုန်တွင် ပြသရောင်းချမည်

မြေလတ်ဒေသပုံရိပ် ရှုခင်းပန်းချီကားများကို ရန်ကုန်တွင် ပြသရောင်းချမည်

မကွေး၊ဇွန် ၁၈ ။          ။ မကွေးတိုင်းဒေသကြီးမှ ဒေသခံပန်းချီဆရာ(၁၇)ဦး ရေးဆွဲထားသည့် မြေလတ်ဒေသပုံရိပ် ရှုခင်း ပန်းချီကားများကို ရန်ကုန်မြို့တွင် ဇွန်လ ၁၉ရက်မှ၂၃ ရက်နေ့အထိ (၅)ရက်ကြာ ပြသရောင်းချ သွားမည်ဖြစ်ကြောင်း မကွေးမြို့ ပန်းချီပန်းပုအစည်းအရုံးမှ သိရသည်။

အဆိုပါပန်းချီကားများကို ရန်ကုန်မြို့ ဗိုလ်ချုပ်စျေး အရှေ့ဘက်တန်းရှိ ဗဟိုပန်းချီပန်းပု အစည်းရုံး ခန်းမတွင် ပြသသွားမည်ဖြစ်ပြီး မကွေးဒေသခံ ပန်းချီဆရာများဖြစ်သော ဖုဏ်းမော်၊ မင်းသူ ၊ ကြည်ထွန်း၊ ကျော်ဇေယျ၊ မြင့်ထူး၊ အေးငြိမ်း၊ စိန်မင်း၊ သူရိန်မြိုင်၊ သန်းစိုး၊ မြင့်ဇော်ဦး၊ မကွေးကိုမျိုး၊ ကြေးမှုံ ၊ ကိုရဲ၊ စည်သူ ၊ ထက်ကျော်၊ ဝေဠုအောင်၊ ကျော်မင်းႏိုင်တို့၏ ပန်းချီကား (၁၀၀) ကိုပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

“မကွေးပန်းချီပြပွဲ မလုပ်ဖြစ်တာ ကြာပါပြီ။ အခု ကျွန်တော်တာဝန်ယူတဲ့အချိန်မှာစပြီး ဒါပထမဆုံး အကြိမ်လုပ်တာပါ။ ပြပွဲလုပ်ရတာက ပန်းချီအစည်းအရုံးဝင် အားလုံးအတွက်ပါ။ တကယ်တမ်းကျ အဖွဲ့ဝင်တွေ သူတို့လည်း အခွင့်အလမ်းတွေရအောင် လုပ်ငန်းကိုင်ငန်းတွေ လမ်းပွင့်သွားအောင် အခုလို ပြပွဲလုပ်ရတာပါ။ နောက်ထပ်(၆)လကြာရင် အခုလိုပြပွဲထပ်လုပ်မှာပါ။ ဒါပွဲဦးထွက်ပေါ့” ဟု မကွေးမြို့၊ပန်းချီပန်းပုအစည်းအရုံး၏ ဥက္ကဋ္ဌ ပန်းချီ ဆရာဖုဏ်းမော်က ပြောသည်။

ပန်းချီမကွေး ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် အဆိုပါ ပြပွဲတွင် မကွေးမြို့ပတ်ဝန်းကျင်ရှိ မြေလတ်ဒေသ၏ ပုံရိပ်ရှုခင်းများကို ရေးဆွဲထားသော ပန်းချီကားများ အပါအဝင် ရေဆေး၊ ဆီဆေး ၊ ခဲခြစ် ၊ မော်ဒယ် ပန်းချီအစရှိသည်တို့ကို ပြသသွားမည်ဟု သိရသည်။

“ရန်ကုန်မြို့မှာ မကွေးဒေသခံ ပန်းချီဆရာတွေ အဖွဲ့လိုက်ပန်းချီပြသတဲ့ရည်ရွယ်ချက်က ဒေသ အတွင်းမှာရှိတဲ့ ပန်းချီရေးနေတဲ့ ဝါသနာရှင်တွေရှိတယ်။ ပန်းချီလုပ်ငန်းလုပ်ကိုင်ပြီးတော့ အသက်မွေး ဝမ်းကျောင်းပြုနေတဲ့ ပန်းချီဆရာတွေရှိတယ်။ သူတို့ထဲမှာ ရန်ကုန်မှာ ပြပွဲမလုပ်ဘူးတဲ့သူတွေရှိတယ်၊ လုပ်ဘူးသူ အနည်းအကျဉ်းပါတယ်။ ပန်းချီဆရာဟာ ပန်းချီပြပွဲလုပ်တယ် ပန်းချီကားတွေ ပြရတယ် ဆိုတဲ့ Image ပေးချင်တာရယ်။ နယ်မှာက ပန်းချီပညာရှင်ရှားတယ်။ နီးစပ်ရာ ပညာ ရှာပြီးရေးရတယ်။ ကျွန်တော်တို့မှာ လိုအပ်ချက်တွေရှိနေမယ်။ ပြပွဲမှာ ပန်းချီပညာရှင်တွေကို ဖိတ်ထားတယ်။ ဆရာတွေရဲ့ ဝေဖန်ချက် သုံးသပ်ချက်တွေ ရလိုမှုက အဓိကဖြစ်ပါတယ်”ဟု မကွေးမြို့ ပန်းချီ ပန်းပုအစည်းအရုံး၏ အတွင်းရေးမှူးဖြစ်သော ပန်ချီဆရာမြင့်ဇော်ဦးက ပြောသည်။
အဆိုပါပြပွဲတွင် ပန်းချီကားများ၏ စျေးနှုန်းကို  ၅၀၀၀၀ ကျပ်မှ ကျပ် (၁၀)သိန်း အထိ သတ်မှတ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required