ကိုကိုးကျွန်း သင်္ဘောဝယ်ယူရေး အပါအဝင် လုပ်ငန်း၃ခုကို အစိုးရပယ်ဖျက်

ကိုကိုးကျွန်း သင်္ဘောဝယ်ယူရေး အပါအဝင် လုပ်ငန်း၃ခုကို အစိုးရပယ်ဖျက်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၁၈ ။          ။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းတွင်ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်ပြထားသည့် စုပေါင်းရာဇဝတ်ရုံးတည်ဆောက်ရေး၊ တိုင်း ရဲတပ်ဖွဲ့ရုံး တည်ဆောက်ရေး နှင့် ကိုကိုကျွန်း သင်္ဘောဝယ်ယူရေး ကိစ္စတို့ကို ပယ်ဖျက်လိုက်ကြောင်း စီမံဘဏ္ဍာ ဝန်ကြီး ဦးမြင့်သောင်းက ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရာဇဝတ်ရုံးတည်ဆောက်မယ့် ကျပ်ငွေ ၆ဘီလီယံနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး ဆောက်လုပ်ရန်အတွက် ကျပ်ငွေ ၅ဘီလီယံ ကိုကိုးကျွန်း သင်္ဘောဝယ်ယူရန် ၅ဘီလီယံ စုစုပေါင်း ၁၆ ဘီလီယံကို ရသုံးငွေစာရင်းမှာ လျာထားခြင်း မပြုတော့ပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ခွဲဝေသုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်သောင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းကို ဇွန်လ ၁၁ရက်နေ့က လွှတ်တော်သို့ အစိုးရက တင်သွင်းခဲ့ပြီး ၁၂ရက်နေ့နှင့် ၁၃ရက်တိုပတွင် လွှတ်တော်ကိုယ်စားလှယ်များ ၃၃ ဦးတို့က ဆွေးနွေးခဲ့ကြသည်။ ကိုယ်စားလှယ်များ အပြင်းအထန ကန့်ကွက်ခဲ့ကြသည့် အသုံးစရိတ် ၃ခုကို ဒေသဖွ့ံဖြိုးရေး လုပ်ငန်းများတွင် ခေါင်းစဉ်ပြောင်းသုံးစွဲရန် အစိုးရ၏ တင်ပြချက်ကို လွှတ်တော်က သဘောတူခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းတွင ်ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဘတ်ဂျက် ဘီလီယံ ၇၀၀ ကျော် သုံးစွဲဖို့လျာထားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly