ဆီးရီးယားရှိ ပစ်မှတ်များသို့ ပစ်သော ရုရှားဒုံးကျည်များ အီရန်တွင် ပျက်ကျဟု အမေရိကန်ပြော

ဆီးရီးယားရှိ ပစ်မှတ်များသို့ ပစ်သော ရုရှားဒုံးကျည်များ အီရန်တွင် ပျက်ကျဟု အမေရိကန်ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၉ ။             ။ ဆီးရီးယားရှိ ပစ်မှတ်များ မှန်အောင် ပစ်ခတ်နေပြီဟု ရုရှားက အခိုင်အမာပြောကြားနေသော်လည်း အောက်တိုဘာ ၇ ရက်နေ့က ကက်စပီယန်ပင်လယ်ရှိ စစ်သင်္ဘောတစ်စင်းပေါ်မှ ဆီးရီးယားသို့ ပစ်ခတ်ခဲ့သော ရုရှား ခရုဇ်ဒုံးကျည်လေးစင်းသည် အီရန်တွင် ပျက်ကျခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောသည်။

အမည်မဖော်လိုသော အရာရှိများ၏ ပြောကြားချက်အပေါ် သုံးသပ်ချက်ပေးရန်  အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပြီး ယင်းသတင်းအား အတည်မပြုနိုင်ဟု နိုင်ငံခြားရေးဋ္ဌာနက ပြောကြားခဲ့သည်။

အတည်ပြုခဲ့ပါက ရုရှား၏ စစ်ရေးစွမ်းရည်အပေါ် ထိုးနှက်ချက်တစ်ခုဖြစ်သွားမည်ဖြစ်ပြီး အောက်တိုဘာ ၇ က ရုရှားသည် ကီလိုမီတာ ၁,၅၀၀ ဝေးသော ကက်စပီယန်ပင်လယ်မှ ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို ဒုံးကျည် ၂၆ စင်းပစ်လွှတ်ခဲ့သည်ဆိုသည်။

အမေရိကန်ရုပ်သံတွင် ပထမဆုံးပေါ်ထွက်ခဲ့သော ပျက်ကျသတင်းများထုတ်လွှင့်အပြီး မည်သည့်ဒုံးကျည်မျှ ပစ်မှတ်ကိုမလွဲချော်ခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

"စီအင်အင်နဲ့မတူတာက ကျွန်တော်တို့က ဘယ်ကမှန်းမသိတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီးမပြောတာပဲ"ဟု ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောကြားသည်။ "ကျွန်တော်တို့က ကျွန်တော်တို့ဒုံးကျည်တွေပစ်လွှတ်မှုနဲ့ သူတို့ထိမှန်တဲ့ ပစ်မှတ်တွေကိုပြတယ်"ဟု ဝန်ကြီးဋ္ဌာနကဆိုသည်။ ရုရှားသည် အီရန်နှင့် အီရတ်ပေါ်မှ ဒုံးကျည်များပျံနေသည့် ပုံစံကားချပ်များကို ပြသခဲ့သည်။

ဒုံးကျည်များ ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်မျာကို ထိမှန်လျက်ရှိသည်ဆိုသည့် ရုရှား၏ အစီရင်ခံမှုများကို  အမေရိကန်အရာရှိများက အငြင်းပွားလျက်ရှိသည်။

အနောက်နိုင်ငံများ၏ ရည်ရွယ်ချက်နှင့် တူညီစွာ အစွန်းရောက်ဝါဒီများကို တိုက်ခိုက်လျက်ရှိသည်ဟု မော်စကိုက ပြောကြားနေသော်လည်း ရုရှားသည် ဆီးရီးယားသမ္မတကို ကူညီရန် အမေရိကန်ကျောထောက်နောက်ခံ သူပုန်များကို ပစ်မှတ်ထားနေသည်ဟု မြေပြင်ပေါ်ရှိ တိုက်ခိုက်ရေးသမားများနှင့် အနောက်နိုင်ငံများက စွပ်စွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly