သွားပွတ်ကြိုး ဘာကြောင့်သုံးသင့်တာလဲ

သွားပွတ်ကြိုး ဘာကြောင့်သုံးသင့်တာလဲ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွားနဲ့ပတ်သက်တာဆို သွားပွတ်တံ၊ သွားတိုက်ဆေး၊ သွားကြားထိုးတံတွေကို သိကြတယ်။ သွားပွတ်ကြိုးဆိုတာတောင် မသိတဲ့သူတွေရှိပါတယ်။ သိတဲ့လူတွေကျတော့လည်း သွားပွတ်ကြိုးသုံးရင် သွားတွေကျဲမယ်လို့ ထင်ပြီး မသုံးရဲကြပါဘူး။ အမှန်က သွားကြားထိုးတံအစား သွားပွတ်ကြိုးကိုသုံးတာက ဘေးအကင်းဆုံးဖြစ်ပြီး သွားကျန်းမာရေးအတွက် မကြာမကြာသုံးပေးသင့်တဲ့အရာလည်းဖြစ်ပါတယ်။
သွားပွတ်ကြိုးဆိုတာ ဘာလဲ

သွားပွတ်ကြိုးဆိုတာ သွားတွေကြား၊ သွားနဲ့သွားဖုံးကြားမှာ ကပ်ငြိနေတဲ့ အစားအစာအကျန်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကြိုးမျှင်လေး (dental floss) ဖြစ်ပါတယ်။ သွားပွတ်ကြိုးတွေကို ပိုး၊ နိုင်လွန်၊ Teflon တို့နဲ့ပြုလုပ်ထားလေ့ရှိပြီး ဖယောင်းပါးပါးလေးအုပ်ထားလေ့ရှိပါတယ်။ ကြိုးချည်းပဲအနေနဲ့ရော၊ တစ်ခါသုံးသွားပွတ်ကြိုးလေးတွေအနေနဲ့ရော ရနိုင်ပါတယ်။
သွားတိုက်တာနဲ့ မလုံလောက်ဘူးလား

နေ့စဉ်သွားတိုက်သင့်တယ်၊ နေ့တိုင်းသွားတိုက်တယ်၊ သွားကြားသန့်ရှင်းဖို့လိုသေးလို့လား။ လိုပါတယ်နော်။ သွားပွတ်တံဘယ်လောက်ကောင်းကောင်း သွားတွေရဲ့အရှေ့နဲ့အနောက်ဘက်ကိုပဲသန့်စင်ပေးလို့ရတာဖြစ်ပြီး ဘေးဘက်ဖြစ်တဲ့ကြားတွေကိုတော့ မရောက်နိုင်ပါဘူး။ သွားကြားတွေဆိုတာ စားသမျှ အစားအစာအကြွင်းအကျန်တွေ ညပ်ကျန်ရစ်ခဲ့နိုင်တဲ့နေရာတွေဖြစ်ပြီး သွားကြားထိုးတံနဲ့ ကလော်ထုတ်တဲ့အခါ သွားဖုံးတွေနဲ့သွားတွေကိုထိခိုက်စေနိုုင်ပြီး အဲဒါကမှ တကယ်သွားကျဲစေနိုင်တာပါ။ မဖယ်ရှားပြန်ရင်လည်း အဲဒီအကြွင်းအကျန်တွေနဲ့အတူ ဘက်တီးရီးယားတွေပေါက်ဖွားလာပြီး သွားချေးတွေကပ်နေမယ်၊ သွားနဲ့သွားဖုံးမှာ ရောဂါတွေဖြစ်စေနိုင်တယ်။ မဖယ်ရှား၊ မသန့်စင်ဘဲ ကြာလာတဲ့အခါ ချိုးကပ်လာပြီး ရှင်းရခက်လာပါမယ်။
သွားပွတ်ကြိုးသုံးရင် ဘာအကျိုးကျေးဇူးတွေရှိမှာလဲ

 သွားချိုးတွေမဖြစ်အောင် ကာကွယ်ပေးတယ်

သွားပွတ်ကြိုးက သွားချေးတွေ၊ သွားကြားညပ်နေတာတွေကို အစောပိုင်းတည်းကဖယ်ရှားပေးနိုင်တော့ ချိုးကပ်တဲ့အထိ မဖြစ်စေနိုင်တော့ပါဘူး။ သွားကြားမှာ ရှိနေတဲ့ သွားချေးတွေ၊ အကြွင်းအကျန်တွေက အချိန်ကြာလာရင် ချိုးကပ်သွားနိုင်တာမို့ ပုံမှန်သွားကြားရှင်းလင်းပေးသင့်ပါတယ်။

သွားဖုံးကျန်းမာရေးကို ကာကွယ်ပေးတယ်

သွားနဲ့သွားဖုံးထိစပ်တဲ့နေရာမှာ သန့်ရှင်းပေးရတဲ့ သွားပွတ်ကြိုးရဲ့အခန်းကဏ္ဍက အရေးပါတာသေချာပါတယ်။ ခုနကပြောတဲ့ သွားချိုးတွေဖြစ်လာရင် သွားဖုံးရောင်ခြင်း(gingivitis) လို့ခေါ်တဲ့ သွားဖုံးရောဂါကိုဖြစ်လာစေနိုင်ပါတယ်။ စစချင်းလက္ခဏာကတော့သွားဖုံးတွေနီမြန်းလာမယ်၊ရောင်ရမ်းလာမယ်၊ မကုသရင် သွားဖုံးအောက်ဘက်ထိ ပြန့်လာမယ်။ နောက်ဆုံးမှာ ဆိုးရွားတဲ့ခံတွင်းရောဂါတစ်ခုဖြစ်တဲ့ ရေစီးကမ်းပြိုခြင်း ကိုဖြစ်စေပါလိမ့်မယ်။

တခြားရောဂါတွေကို ကာကွယ်ပေးတယ်

သွားနဲ့သွားဖုံးမကျန်းမာရင် သွားအရောင်တွေပြောင်းမယ်၊ နေရအဆင်မပြေဘူး၊ ခံတွင်းနံ့ဆိုးမယ် စတဲ့သက်ရောက်မှုတွေရှိလာပါတယ်။ ဘက်တီးရီးယားတွေ များလာတဲ့ ဒီလိုခံတွင်းကနေ တစ်ကိုယ်လုံးကို ထိခိုက်စေတော့မှာပါ။ နှလုံးရောဂါ၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

သွားတိုက်သလိုပဲ ပုံမှန်သုံးပေးရင် သွားအသက်ရှည်မယ်

သွားပွတ်တံတွေဟာ ပျော့ပျောင်းတဲ့အမွေးလေးတွေနဲ့ သွားသန့်ရှင်းရေးတာဝန်ကို ကျေပွန်ကြတယ်၊ သွားတိုက်ဆေးတွေကလည်း ဘက်တီးရီးယားလျော့ပါးစေဖို့ ကူညီပေးတယ်။ ဒါပေမယ့် သွားကြားထဲကိုတော့ မစွမ်းနိုင်ပါဘူး။ ဒီအားနည်းချက်လေးကို သွားပွတ်ကြိုးတွေက ဖြည့်ဆည်းပေးလိုက်တာပါပဲ။ သွားပွတ်ကြိုးဟာ သွားတွေကြားနဲ့ သွားဖုံးအောက်က နေရာလွတ်လေးတွေမှာ သွားချေးတွေ၊အစာကျန်တွေကို ဖယ်ထုတ်ပေးဖို့ စီမံထုတ်လုပ်ထားတဲ့ အသုံးအဆောင်ဖြစ်တာကြောင့် သွားကိုလည်းမှန်မှန်တိုက်၊ သွားပွတ်ကြိုးကိုလည်း အနည်းဆုံး တစ်နေ့တစ်ကြိမ်လောက်အသုံးပြုပေးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly