အသက် ၁ နှစ်ကျော် အရွယ် မိန်းကလေးငယ်ကို ခိုးယူ အဓမ္မပြုကျင့်မှု ဖြစ်ပွား

အသက် ၁ နှစ်ကျော် အရွယ် မိန်းကလေးငယ်ကို ခိုးယူ အဓမ္မပြုကျင့်မှု ဖြစ်ပွား

ရန်ကုန်၊ ဇွန် ၁၇ ။        ။ အသက် ၁ နှစ်နှင့် ၉ လအရွယ်ရှိ မိန်းကလေးငယ်ကို ခိုးယူပြီး အဓမ္မပြုကျင့်မှုဖြင့် ကိုရင်ကြီး တစ်ပါးကို လူဝတ်လဲ၍ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေ ရဲစခန်းက အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် ညသန်းခေါင်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ဘုန်းကြီးကျောင်းလမ်းရှိ မော်ကျွန်းကျောင်းဝင်း ကျောင်းတိုက်ရှိ ရုံးခန်းတွင် မောင်နှစ်မ ၂ယောက်ကို သိပ်ထားပြီး မိဘများက ရေသန့်ဘူးများ ဆေးကြောနေခဲ့ရာ အလုပ်ပြီး၍ ပြန်လာချိန်တွင် သမီးဖြစ်သူမှာ ပျောက်ဆုံးနေသောကြောင့် ကျောင်းတိုက် အတွင်း လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရသဖြင့် လိုက်လံရှာဖွေခဲ့ရာ ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲတွင် မော်ကျွန်းကျောင်း အရှေ့ဘက်ရှိ ကိုင်းတောထဲတွင် ကလေး ငယ် တစ်ဦးကို တွေ့ရှိကြောင်း သတင်းရရှိသဖြင့် မိဘနှစ်ပါးက သွားရောက်ကြည့်ရှု့ရာ ပျောက်ဆုံးနေသည့် ၎င်းတို့၏ သမီးငယ်ဖြစ်နေကြောင်းနှင့် ခန္ဓာကိုယ်တွင် ခြင်၊ ဖြုတ်များ ကိုက်ခံထားရသည့် ဒဏ်ရာများအတွက် ရန်ကင်း ကလေးဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသမှု ခံယူခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိန်းကလေးငယ်တွင် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိကြောင်း ဆရာဝန်ထံမှ သိရှိရသဖြင့် ရွှေပေါက္ကံနယ်မြေ ရဲစခန်းတွင် ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးရာဖော်ထုတ်ချက်အရ ပစ္ဆိမာရုံကျောင်းတိုက်မှ ဝါတော်(၁)ဝါ၊ အသက် ၃၉ နှစ်ရှိ ကိုရင်ကြီး(ခ) ဥူးဥတ္တရ(ခ) ဇေယျာလင်း ကို လူဝတ်လဲ၍ ဖမ်းဆီးကာ ရွှေပေါက္ကံနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ပုဒ်မ ၃၆၃ တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly