တရုတ် လူငယ် သုံးပုံတစ်ပုံ ဆေးလိပ်ကြောင့် သေဆုံးလိမ့်မည်ဟု သုတေသနတစ်ရပ်က ပြောကြား

တရုတ် လူငယ် သုံးပုံတစ်ပုံ ဆေးလိပ်ကြောင့် သေဆုံးလိမ့်မည်ဟု သုတေသနတစ်ရပ်က ပြောကြား

ပေကျင်း၊ အောက်တိုဘာ-၉ ။          ။ သုတေသနတစ်ရပ်အရ တရုတ်နိုင်ငံတွင် လက်ရှိအသက်၂၀အောက် လူငယ်ယောကျ်ားလေး အားလုံး၏ သုံးပုံတစ်ပုံမှာ အကယ်၍ ဆေးလိပ်မဖြတ်ပါက အချိန်မတိုင်မီ သေဆုံးဖွယ်ရှိသည်ဟု ဆိုသည်။

ဆေးပညာဂျာနယ် The Lancet တွင် ပုံနှိပ်ဖော်ပြခဲ့သည့် အဆိုပါသုတေသနအရ လက်ရှိ တရုတ်နိုင်ငံရှိ အမျိုးသားအားလုံး၏ သုံးပုံနှစ်ပုံမှာ အသက်၂၀မတိုင်မီတွင် ဆေးလိပ် စသောက်နေကြပြီး ထိုအရေအတွက်၏ ထက်ဝက်နီးပါးမှာ ဆေးလိပ်ကြောင့်ပင် သေဆုံးကြရမည်ဖြစ်သည်ဟုလည်း ကောက်ချက်ဆွဲထားသည်။

သိပ္ပံပညာရှင်များက လူပေါင်း သိန်းနှင့်ချီ၍ စစ်တမ်းကောက်ယူသည့် နိုင်ငံနှင့်အဝန်း သုတေသနနှစ်ခုကို ၁၅နှစ်ခြားပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိလမ်းကြောင်းအတိုင်းသွားနေပါက တရုတ်နိုင်ငံတွင် အထူးသဖြင့် အမျိုးသားများကြား နှစ်စဉ် ဆေးလိပ်ကြောင့်သေဆုံးသည့် အရေအတွက်မှာ ၂၀၃၀ခုနှစ်တွင် နှစ်သန်းအထိ ရောက်ရှိသွားမည်ဖြစ်သောကြောင့် သိပ္ပံပညာရှင်များက တရိပ်ရိပ်ကြီးထွားလာနေသော အချိန်မတိုင်မီ သေဆုံးခြင်းကူးစက်မှုဟုပင် ခေါ်ဆိုခဲ့သည်။

သုတေသနကို အော့စ်ဖို့တက္ကသိုလ်၊ တရုတ်ဆေးသိပ္ပံအကယ်ဒမီနှင့် တရုတ် ရောဂါထိန်းချုပ်ရေးဗဟိုဌာနတို့မှ သိပ္ပံပညာရှင်များက ကြီးမှူးပြုလုပ်ခဲ့ကြခြင်းပင်ဖြစ်သည်။

သို့ရတွင် လူထုများကို ဆေးလိပ်ဖြတ်ရန် ဆွဲဆောင်နိုင်သည့် မျှော်လင့်ချက်တော့ ရှိသေးသည်ဟု တွဲဖက်သုတေသနခေါင်းဆောင် ရစ်ချတ် ပီတိုက ပြောကြားခဲ့သည်။ ‘ဧရာမ မရဏလှိုင်းလုံးကြီးကို ရှောင်လွှဲနိုင်ဖို့ အဓိကအချက်က ဆေးလိပ်ဖြတ်တာပါပဲ။ လူငယ်တစ်ယောက်ဆိုရင် အစမလုပ်သင့်ပါဘူး’ဟု ၎င်းက ပြောကြားခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်နှုန်း ကျဆင်းလာနေရာ အမေရိကန်တွင် ၅ယောက်တွင် ၁ယောက်နှုန်းလျော့လျော့သာ ဆေးလိပ်သောက်သုံးနေချိန်တွင် တရုတ်နိုင်ငံတွင်မူ စီးကရက်များကို ပို၍ အလွယ်တကူရလာနေပြီး သောက်သုံးသူအရေအတွက်မှာလည်း မြင့်မားလာနေလျှက်ရှိသည်။

ဆေးလိပ်သောက်သုံးမှု မြင့်မားလာမှုအပေါ် အာဏာပိုင်များကလည်း စိုးရိမ်သောကပွားနေကြပြီး ပေကျင်းက အများပြည်သူသုံးနေရာများတွင် ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်ခဲ့သည်။

သို့ရာတွင် ဆေးလိပ်သောက်သုံးသည့် အလေ့အထမှာ လူကြိုက်များ ရေပန်းစားနေပြီး အခွန်ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်နေသော်ကြောင့်လည်း အရေးယူမှုများမှာ ထိုက်သင့်သလောက် မထိရောက်ပဲ ဖြစ်နေရသည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အချက်အလက်များအရ ကမ္ဘာနှင့်အဝန်းတွင် ဆေးလိပ်က သောက်သုံးသူ ထက်ဝက်ကျော်ခန့်ကို သတ်ဖြတ်ပစ်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly