တရားလိုပြ သက်သေများ မလာသဖြင့် Myanmar Now အယ်ဒီတာချုပ်အမှု ပိတ်သိမ်းပေးရန် တင်ပြ

By ဘိုဘို( မဇ္စျိမ)
17 June 2019
တရားလိုပြ သက်သေများ မလာသဖြင့် Myanmar Now အယ်ဒီတာချုပ်အမှု ပိတ်သိမ်းပေးရန် တင်ပြ

မန္တလေး၊ ဇွန် ၁၇ ။         ။ ရုံးချိန်းများသို့ တရားလိုပြသက်သေများ ရောက်လာခဲ့ခြင်း မရှိသောကြောင့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားခြင်းကို ပိတ်သိမ်းပေးရန် တရားရုံးသို့ တင်ပြခဲ့ကြောင်း ကိုဆွေဝင်း ဘက်မှ လိုက်ပါဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောသည်။

“ကျွန်မတို့ ဥပဒေအရ စောင့်ခဲ့ရတဲ့အချိန်ဟာ အတိုင်းထက်အလွန် ဖြစ်သွားပြီ။ ရုံးတော်ကလည်း စောင့်ရတဲ့ အချိန်တွေ များသွားပြီ။ ပြီးတော့ ဥပဒေကလည်း ပြဌာန်းထားတယ်။ တရားလိုပြ သက်သေတွေ မလာရင် ဘာလုပ်ရမယ်ဆိုတာ ပြဌာန်းထားတယ်။ ပြီးတော့ တရားသူကြီးချုပ် ကိုယ်တိုင်ကလည်း ညွှန့်ကြားချက် ထုတ်ထားတာရှိတယ်။ ကျွန်မတို့က အဲ့နှစ်ခုကို အသုံးပြုပြီးတော့ အမှုအတွက် သင့်တော်တဲ့အမိန့်ပေါ့။

သင့်တော်တဲ့အမိန့်ဆိုတာ ရှင်းရှင်းပြောရရင်တော့ ဒီနေရာကနေ အမှုကို ရပ်စဲပေးဖို့ အမှုကို ပြီးမြောက်ဖို့ ဒါကိုလျှောက်ထားတာ။ပယ်ဖို့ လျှောက်ထားတာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောသည်။
အချိန်ကာလ(၂)နီးပါး ကြာမြင့်နေပြီဖြစ်သော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု၏ (၆၇) ကြိမ်မြောက် ရုံးချိန်းကို ၂၀၁၉ ခုနှစ်၊ဇွန်လ ၁၇ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သည်။

 “ကျွန်မတို့က ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကနေပြီးတော့ အမှုတွေ မြန်ဆန်ပြီးတော့ မှန်မှန်ကန်ကန် စီရင်နိုင်ရေး ဆိုပြီးတော့ ညွှန်ကြားချက်တစ်စောင် ထုတ်ထားတာ ရှိတယ်။ ညွှန်ကြားချက် အမှတ်က ၁၁၄/ ၄၂၄ အဲ့ဒါနဲ့ ကျွန်မတို့က ရုံးတော်ကိုလျှောက်တယ်။နောက်ပြီး ကျင့်ထုံး ၂၅၂ နဲ့လည်းလျှောက်တယ်။ဒီနေ့ အဲ့လျှောက်လွှာကို တင်ခဲ့ပါတယ်။တင်တဲ့အခါကျတော့ ဥပဒေအရာရှိက ဆင့်ဆို ထားတဲ့ ဆင့်ခေါ်ထားတဲ့ ကျန်နေတဲ့ သက်သေတွေဖြစ်တဲ့ ဦးဝီရသူရယ်၊ ရဲအုပ်ကျော်သူရယ်ကို စစ်ချင်ပါတယ် လို့ ပြောတယ်။ အဲ့ဒါကို ရုံးတော်က မနက်ဖန်ကို လျှောက်လဲချက် ကြားနာမယ်လို့ ပြောလိုက်တဲ့အတွက် ရုံးချိန်း က မနက်ဖန်ပေါ့။ မနက်ဖန်ကို ကျွန်မတို့က အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ တရားသူကြီးရဲ့ ညွှန့်ကြားချက်နဲ့ ကျွန်မတို့ရဲ့ ကျင့်ထုံးအရ ကျွန်မတို့ လျှောက်တဲ့ဟာနဲ့ရယ် ကျန်တဲ့ သက်သေတွေ စစ်မယ့် ဟာနဲ့ရယ် အဲ့နှစ်ခု အပေါ်မှာ လျှောက်လဲချက် ပေးသွားရမှာ ဖြစ်ပါတယ်။”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က ဆက်ပြောသည်။

ယခုရုံးချိန်းတွင် တရားလိုပြသက်သေတွင်ပါဝင်သော ဆရာတော်ဦးဝီရသူ၊ ရဲအုပ်ကျော်သူနှင့် ကိုကျော်စွာထွန်း တို့အား တရားလိုပြသက်သေအဖြစ် စစ်ဆေးရန် ချိန်းဆိုထားသော်လည်း လာရောက်ခြင်းမရှိကြောင်း၊ အဆိုပါ အမှုအတွက် နောက်ဆုံး စစ်ဆေးရန် တရားလိုပြသက်သေ (၄)ဦးသာကျန်ရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအတွက် ကိုကျော်စွာထွန်းဆိုသူကို ဆင့်ခေါ်မှု ၂၄ကြိမ်ပြုလုပ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိသလို ဦးဝီရသူမှာလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရကြောင်း ရဲအုပ်ကျော်သူ မှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသောကြောင့် တိမ်ရှောင်နေသည့် အနေ အထားများ ဖြစ်ပေါ်နေကြောင်း ယခုရုံးချိန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly