ကျောင်းသား၊ကျောင်းသူ ၂ဝဝ နီးပါးကို “မမြတ်လေးပညာရည်ချွန်ဆု” များ ချီးမြှင့်

ကျောင်းသား၊ကျောင်းသူ ၂ဝဝ နီးပါးကို “မမြတ်လေးပညာရည်ချွန်ဆု” များ ချီးမြှင့်

ရန်ကုန်၊ ဇွန် ၁၇ ။         ။ အခြေခံ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်မှ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူ ၂ဝဝ နီးပါးကို စာရေးဆရာမကြီး မမြတ်လေး၏ ''မမြတ်လေး ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါ မမြတ်လေးဆုများပေးအပ်ချီးမြှင့်ခြင်းကို အသက် ၈ဝ ကျော်၊ ၉ဝ အရွယ်အထိ ဒီပလိုမာ သင်တန်းများ တက်ရောက်ကာ ပညာဆည်းပူးခဲ့သည့် စာရေးဆရာမ ဒေါ်မြတ်လေး၏ ကျန်ရစ်သူမိသားစုများ၊ အခြေခံပညာ ဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 “ကလေးတွေကို အားမလျော့စေချင်ဘူး။ ဒါ့ကြောင့် သူတို့ရဲ့ ကျောင်းက မူလတန်းဆိုရင် မူလတန်းကျောင်းက၊ အပြင်ကျောင်းနဲ့ မယှဉ်ဘဲနဲ့ သူတို့ရဲ့ ကျောင်းသား၊ ကျောင်းသူထဲက ထူးချွန်တဲ့ ကျောင်းသား၊ အလယ်တန်း ဆိုလည်း အလယ်တန်းနဲ့ မူလတန်းကျောင်းက သူတို့ကျောင်းမှာရှိတဲ့ ထူးချွန်တဲ့ ကျောင်းသူ၊ ကျောင်းသား။ ဒါကြောင့်မို့ အခုပေးတဲ့ ဆုဦးရေတွေလည်း များတာ။ ဒါမှသာလျှင် စိတ်အားထက်သန်ပြီး၊ နိုင်မှာ မဟုတ်ပါဘူး ဆိုပြီး စိတ်အားလျော့သွားမယ့်အစား အချင်းချင်း တန်းတူရည်တူ ယှဉ်ပြိုင်အနိုင်ရလာတဲ့ ဆုကို အားကျစေချင် လို့ စီစဉ်လိုက်တာပါ” ဟု ဒေါ်မြတ်လေး၏ သားဖြစ်သူ ဦးနန္ဒကျော်စွာက ပြောသည်။

ဆုအမျိုးအစားများမှာ မမြတ်လေးပညာရည်ချွန်ဆု၊ မမြတ်လေးအခြေခံအုတ်မြစ်ဆု၊ မမြတ်လေးအခြေခံ အုတ်မြစ်အားကစားဆု၊ မမြတ်လေးအခြေခံအုတ်မြစ်အထူးဆု စသည်တို့ဖြစ်ပြီး ဘွဲ့လွန်တက်ရောက် နေသူများအပါအဝင် ကျောင်းသားကျောင်းသူ ၁၇၂ ဦးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အရမ်းပီတိဖြစ်ပြီး ဝမ်းသာပါတယ်။ ဒီဆုရလို့ ကျောင်းအုပ်ဆရာမကြီးက သားကို ဖိတ်စာပို့တာပေါ့နော်။ ဒီဆုရတယ်ပြောလို့ အရမ်းဝမ်းသာခဲ့ပါတယ်။ ၄ တန်းတုန်းက ကျောင်းက အချိန်ပိုတွေ ခေါ်ပါတယ်။ သူများတွေ ကျူရှင်တက်တယ်။ သားက ကျူရှင်မတက်ဘူး။ ကျောင်းမှာ အချိန်ပိုခေါ်တာတက်တယ်။ မှန်မှန်ကြိုးစားရင်းနဲ့ ဒီဆုရတာပါ” ဟု အ.လ.က (၃) မှ မမြတ်လေးအခြေခံအုတ်မြစ်ဆုရရှိသူ မောင်သူရိန်ထွဋ်က ပြောသည်။

မမြတ်လေးဆုများကို  ၂ဝဝ၁၊ ၂ဝဝ၂ ခုနှစ်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို စတင်ချီးမြှင့်ခဲ့ပြီး နောက်ပိုင်း၌ အခြေခံမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများကို ထပ်တိုးပေးအပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန၊ စာကြည့်တိုက်နှင့် သုတပညာဌာန၊ ရုက္ခဗေဒဌာန၊ မြန်မာစာ၊ ဥပဒေ၊ စီးပွားရေး အစရှိသည့်ဌာနများရှိ ထူးချွန်ကျောင်းသားများကို ဆုချီးမြှင့်ပေးအပ်နေခြင်းဖြစ်ပြီး နောက်ပိုင်း၌ အခြားကျောင်းများမှ ကျောင်းသားများကိုပါ ဆုများချီးမြှင့်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly