စပါးအထွက်နှုန်းကောင်းသော်လည်း စျေးကျ၍ တောင်သူများ အခက်ကြုံ

စပါးအထွက်နှုန်းကောင်းသော်လည်း စျေးကျ၍ တောင်သူများ အခက်ကြုံ

မကွေး၊ ဇွန် ၁၇ ။           ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဒေသခံတောင်သူကြီးများသည် နွေစပါးအထွက်နှုန်း ကောင်းမွန်သော်လည်း စပါးစျေးကျဆင်းနေသောကြောင့် တောင်သူများ လုပ်ငန်းခွင် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“စပါးကအထွက်နှုန်းကောင်းမွန်ပါတယ်။  ဒါပေမယ့် စပါးစျေးကွက်က မကောင်းတော့ ကျွန်တော်တို့ တောင်သူတွေ အရှုံးပေါ်တာပေါ့။ အရင်နှစ်က စပါးတစ်တင်း ငါးထောင့်ရှစ်ရာကနေ ခြောက်ထောင် ကျော်ထိ ရောင်းခဲ့ရပြီး ကျွန်တော်တို့လယ်ထဲအထိ အရောက်လာဝယ်တာပါ။ ဒီနှစ်ကတော့ စပါးတစ်တင်း လေးထောင့်နှစ်ရာကနေ အခု လေးထောင်ငါးရာထိပဲ ရောင်းရပြီး စပါး ရောင်းဝယ်ရေး ပွဲရုံအထိ အရောက် ကိုယ့်စားရိတ်နဲ့ကိုယ် ပို့နေကြရတာပါ” ဟု မြို့သစ်မြို့ ကွက်သစ်ရပ်ကွက် မှ တောင်သူ ဦးလှမြင့်ကြည်က ပြောသည်။

တောင်သူများသည် နွေစပါးစိုက်ပျိုးမှု အတွက် အလုပ်သမားခ၊ စက်ခ၊ ထွန်ယက်စိုက်ပျိုးခ၊ ပျိုးနှတ်ခ၊ ဆေးမြေသြဇာထည့်ခ အဖြစ် လယ်တစ်ဧကလျှင် ကုန်ကျစရိတ် ကျပ်သုံးသိန်းခွဲခန့် ကုန်ကျကြောင်း သိရသည်။ စပါးများရောင်းချရာတွင် တစ်တင်းလျှင် လေးထောင့်ငါးရာသာ ပြန်ရပြီး တစ်ဧကတင်း ၆၀ ဖြင့် တွက်ချက်ပါက တစ်ဧကအတွက် ကျပ်နှစ်သိန်းခုနစ်သောင်းသာ ရရှိနေသောကြောင့် တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

“အခုနှစ်နွေစပါး ရတနာတိုးပေါ့။ ခါတိုင်းနှစ်ကတော့ ငါးသိန်းသုံးသောင်းကနေ ခြောက် သိန်းသုံး သောင်းထိဖြစ်ခဲ့တယ်။ ဒီနှစ်စပါးစျေးဟာ လေးသိန်းသုံးသောင်းကနေ ၄ သိန်းခွဲစျေး လက်ရှိစျေး အရောင်းအဝယ်လုပ်တယ်။ ပြီးခဲ့နှစ်က တောင်သူလည်းအဆင်ပြေတယ်။ ကျွန်တော်တို့ အရောင်း အဝယ်လုပ်တဲ့ပွဲစားတွေလည်း အဆင်ပြေတယ်။ အခုနှစ်က စပါးစျေးက အောက်စျေးမှာ ရောက်နေ တော့ တောင်သူတွေလည်း အကျပ်အတည်းတွေ တွေ့တယ်။ ပွဲစားတွေလည်းမကိုက်ဘူး” ဟု မြို့သစ်မြို့၊ ဆန်စပါးရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်းရိတ်သိမ်းခြွေလှေ့စက် လုပ်ငန်ပိုင်ရှင် ဦးဇော်ဝင်းက ဆိုသည်။

မြို့သစ်မြို့နယ်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးမှုပြုနေသော မြို့နယ်တစ်ခုဖြစ်ပြီး စပါး၊ ပဲ၊ နှမ်းတို့ကိုသာ အထူးအလေးထားစိုက်ပျိုးလုပ်ကိုင်စားသောက်နေထိုင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် လယ်စိုက်ရာတွင် အရှုံးပြနေသော်လည်း ဘိုးဘွားလက်ထက် ကတည်းက လယ်မြေတွင် စပါးစိုက်ပျိုး စားသောက်နေထိုင်လာသောကြောင့် မိုးရာသီ စပါးစိုက်ပျိုး ခြင်းကိုသာ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly