မန္တလေး ၃၈လမ်းကို အောင်ဆန်းစုကြည်လမ်း အဖြစ် သတ်မှတ်ရန် မန်းမြို့တော်ဝန် စိတ်ကူး

မန္တလေး ၃၈လမ်းကို အောင်ဆန်းစုကြည်လမ်း အဖြစ် သတ်မှတ်ရန် မန်းမြို့တော်ဝန် စိတ်ကူး
ဓာတ်ပုံ-ဒေါက်တာရဲလွင်ဖေ့စဘွတ်

ရန်ကုန်၊ ဇွန် ၁၇ ။           ။ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်ရှိ ၃၈လမ်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်အဖြစ် အောင်ဆန်းစုကြည် လမ်းဟု အမည်ပေးရန် စိတ်ကူးထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

လူမှုကွန်တွင် ဇွန်လ ၁၆ရက်နေ့၌ ရေးသားထားသော ဒေါက်တာရဲလွင်၏စာတွင် ၃၈လမ်း ဖွင့်ပွဲပြင်ဆင်နေမှုများနဲ့ အဆုံးသပ် လုပ်ငန်းလုပ်ကိုင်နေမှုများစစ်ဆေး ဟု ခေါင်းစဉ် တပ်ထား ပြီး “ဖွင့်ပွဲမုခ်ဦးရဲ့ အလယ်တိုင်မှာ လူထုခေါင်းဆောင်ပုံကို မွေးနေ့အထိမ်းအမှတ် အဖြစ် ထည့်ပြီး လမ်းအမည်ကိုလည်း မန္တလေးမြို့ရဲ့ မွေးနေ့လက်ဆောင်အဖြစ်  "အောင်ဆန်း စုကြည်" လမ်း လို့အမည်ပေးဖို့ စိတ်ကူးထားပါတယ်”ဟု ရေးသားခဲ့သည်။

“မွေးနေ့အထိမ်းအမှတ်လမ်းမို့လို့လည်း ထောင့်စေ့အောင်စစ်ဆေးရတာပါ။ လက်စသတ် လုပ်ငန်းမှာ လိုနေတာတွေ စိတ်ကြိုက်မဟုတ်တာတွေ ချက်ချင်းမှာကြား လုပ်ခိုင်းခဲ့ပါတယ်။ လမ်းမအနေနဲ့ လိုအပ်ချက်မရှိပေမယ့် ဘေးလမ်းသွယ်တွေက ရေမြောင်းတွေ ပြုပြင်ဖို့ လမ်း ညွှန်တာ အပါအဝင် ပန်းကစားဌာနရဲ့ လိုအပ်ချက်တွေပါ မှာကြားခဲ့ပါတယ်”ဟု ဒေါက်တာရဲလွင်က ဆိုထားသည်။

ထို့အပြင် သန့်ရှင်းရေးဌာနကို မြောင်းဆယ်၊ အမှိုက်လှည်းစသည့် ကိစ္စများအပြင် နေ့စဉ် အမှိုက်သိမ်းရေးနှင့် အမှိုက်ပုံးများ ချထားရေးကိုပါ ညွှန်ကြားခဲ့ကြောင်း ၃၈လမ်းပေါ်နှင့် လမ်းသွယ်များရှိ ကျူးဆိုင်များနှင့် ကျူးနေသော လုပ်ငန်းများကို ရှင်းလင်း ပြီးဖြစ်ကြောင်း ဒေါက်တာရဲလွင်က ရေးသားခဲ့သည်။

“ဘတ်ဂျက်ကြောင့် လုပ်ငန်းအဆုံးသတ် မသေသက်မှုတွေ မပြီးပြတ်မှုတွေ လျော့နည်း သွားရေးက အရေးကြီးပါတယ်။ စည်ပင်ဝန်ထမ်းတွေရဲ့ အားသာချက်က ညွှန်ကြားရင် သေသေသပ်သပ်နဲ့ ချက်ချင်းပြီးအောင် နေ့နေ့ညည စိတ်ပါလက်ပါ ဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်ပါ။ မြို့တော်အတွက် စည်ပင်ပါ”ဟုလည်း မန္တလေးမြို့တော်ဝန်က ရေးသားထား သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required