အိန္ဒိယတွင် အပူချိန် မြင့်တက်မှုကြောင့် လူ ဒါဇင်နှင့်ချီ သေဆုံး

အိန္ဒိယတွင် အပူချိန် မြင့်တက်မှုကြောင့် လူ ဒါဇင်နှင့်ချီ သေဆုံး

ဇွန် ၁၇ ။         ။ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် အပူချိန် ပြင်းထန်လွန်ကဲမှုကြောင့် ၂၄ နာရီအတွင်း လူ ဒါဇင်နှင့်ချီ သေဆုံးသွားကြောင်း တာဝန်ရှိသူများက ဇွန်လ ၁၆ ရက်တွင် ပြောသည်။

ယခုအခါ ယင်းနိုင်ငံသည် ပြင်းထန်မြင့်မားသည့် အပူချိန်များ ဖြစ်ပေါ်ကျရောက်နေသည်မှာ သီတင်းပတ် သုံးပတ်ထဲကိုပင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

ယခု လူသေဆုံးမှုများမှာ နိုင်ငံမြောက်ပိုင်း ပြည်နယ်၏ ခရိုင်ဒေသ သုံးခု၌ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်း ဒေသများတွင် ပြီးခဲ့သည့် ရက်များအတွင်း အပူချိန်မှာ ၄၅ ဒီဂရီ ဆဲစိယက်စ် (၁၁၃ ဖာရင်ဟိုက်) အထိ မြင့်တက်နေခဲ့ကြောင်း အကြီးတန်း ကျန်းမာရေး အရာရှိ ဗီဂျေး ခူးမားက အေအက်ဖ်ပီသို့ ပြောသည်။

အပူချိန် မြင့်တက်ပြီး မိုးခေါင်ရေရှားမှု ကြုံတွေ့နေခဲ့သည့် မာဂက်ဒ် ဒေသ ခရိုင်သုံးခုတွင် လူပေါင်း ၄၉ ဦးအထိ သေဆုံးသွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ ဇွန် ၁၅ ရက် နေ့လည်က ရုတ်တရက် ခုလို ဖြစ်ကုန်တာပါ၊ အပူလျှပ် တဲ့ လူတွေကိုလည်း အားချင်း သက်ဆိုင်ရာ ဆေးရုံတွေကို ပို့ပေးခဲ့ရပါတယ်၊ အများစုကတော့ အဲဒီနေ့ ညတွင်းချင်းပဲ ဆုံးသွားခဲ့ပါတယ်၊ တစ်ချို့ကတော့ နောက်နေ့အထိ ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေခဲ့ကြရပါတယ်” ဟု ခူးမားက ပြောသည်။

သေဆုံးသူ အများစုမှာ အသက် ၅၀ အထက် သက်ကြီးများ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သေဆုံးသွားသူ တစ်ဦးချင်းစီ၏ မိသားစုများအတွက် ထောက်ပံ့ကြေး ရူပီး ၄၀၀,၀၀၀ စီ ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် နီတစ်ရှ် ခူးမားကလည်း ကြေညာထားသည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly