ရွက်စုံစားခူများ အများအပြားကျရောက်နေသဖြင့် မြို့သစ်မြို့နယ်မှ ကျေးရွာခံများ စိုးရိမ်

ရွက်စုံစားခူများ အများအပြားကျရောက်နေသဖြင့် မြို့သစ်မြို့နယ်မှ ကျေးရွာခံများ စိုးရိမ်
ဓာတ်ပုံ -လှိုင်ဘွား(မြို့သစ်)

မကွေး၊ ဇွန် ၁၆ ။            ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ထောက်ရှာတန်းကျေးရွာအုပ်စု၊ အင်တောကျေးရွာတွင် လွန်ခဲ့သည့် ၂ ရက်ခန့်က စတင်ပြီး ရွက်စုံစားခူများ နေအိမ်ဝိုင်းအနှံ့ အများအပြား ကျရောက်နေသဖြင့် ကျေးရွာနေသူများ စိုးရိမ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ အခု ကျေးရွာမှာ ဒီ ပိုးတွေကျရောက်နေတာ ၄၊ ၅ ရက် ရှိနေပြီဖြစ်တယ်။ လူတိရစ္ဆာန်များ ထိခိုက်မှု မတွေ့ရှိရသေးပါဘူး။ တကယ်လို့ ထိခိုက်မှုဖြစ်လာပြီဆိုရင်လည်း ဓါတ်ခွဲစမ်းသပ်မှုတွေ ဆောင်ရွက်မယ်။ ပြီးတော့ အဆင့်ဆင့် ဆက်လက်တင်ပြပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ အစဉ်မပြတ် စောင့်ကြည့်ရှုနေပါတယ်” ဟု မြို့သစ်မြို့နယ်၊ ကျေးလက်ကျန်းမာရေးမှူး ဦးဝင်းစိုးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထောက်ရှာတန်းကျေးရွာအုပ်စု၊ အင်တောကျေးရွာသို့ ဇွန် ၁၄ ရက်နေ့၊ နေ့လယ် အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ မကွေးတိုင်းဒေသကြီး၊လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်လင်း၊ ကျေးလက်ကျန်းမာရေးမှူး ဦးဝင်းစိုးတို့ကလာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထို ပိုးကောင်များမှာ အင်တောကျေးရွာအတွင်း လူနေအိမ်ဝိုင်းများတွင် နေရာအနှံ့ များပြားစွာ တွေ့ရှိရပြီး မန်ကျည်းပင်များရှိသည့် နေအိမ်ဝိုင်းများတွင် ပိုမိုတွေ့ရှိရကြောင်း၊ မန်ကျည်းပင်ရွက်များ စားထားသည့် အနေအထားများ တွေ့ရှိရကာ ပိုးကောင်များမှာ မန်ကျည်းပင်အထက်မှ ပြုတ်ကျကာ လူ၊ တိရစ္ဆာန်များပေါ်သို့ အဆက်မပြတ် ကျရောက်နေသော်လည်း ယားယံမှု မရှိကြောင်း သိရသည်။

သို့သော်လည်း ယာခင်းထဲသို့ ကူးစက်ကာ သီးနှံများ ပျက်စီးစေနိုင်ကြောင်း၊ မြို့နယ် စိုက်ပျိုးရေးရုံးမှ ပိုးသတ်ဆေးများ ပေးထားကြောင်း သိရသည်။

ယခု ယူလာသည့် ပိုးသတ်ဆေးမှာ အဆိုပါပိုးမွှားများကို ကောင်းစွာနှိမ်နှင်းပြီး ပိုးသတ်ဆေး၏ အာနိသင် ကြောင့် လူ၊ တိရစ္ဆာန်များ ဘေးဒုက္ခဖြစ်နိုင်သည့်အတွက် လူတိရစ္ဆာန်နှင့်ကင်းဝေးသည့်နေရာမှာသာ အသုံးပြုစေလိုကြောင်း မြို့နယ်စိုက်ပျိုးရေးရုံး ဦးစီးအရာရှိ ဦးဇော်လင်းက ပြောသည်။

ထောက်ရှာတန်းအုပ်စု အင်တောကျေးရွာသည် မြို့သစ်မြို့နှင့် ၁၂ မိုင်ဝေးကွာပြီး အိမ်ထောင်စု (၁၀၅) အိမ် ၊ လူဦးရေ (၄၅၀) နေထိုင်ပြီး ပဲ၊ နှမ်းကို အဓိကစိုက်ပျိုးလုပ်ကိုင်သည့် ကျေးရွာဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly