ဝါကျွတ်အီးဒ်အလှူအဖြစ် ဆေးရုံအပါအဝင် ၉ နေရာသို့ အာဟာရဒါန လှူဒါန်း

ဝါကျွတ်အီးဒ်အလှူအဖြစ် ဆေးရုံအပါအဝင် ၉ နေရာသို့ အာဟာရဒါန လှူဒါန်း

ရန်ကုန်၊ ဇွန် ၁၆ ။              ။ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်သည့် ဝါကျွတ်အီးဒ်အလှူအဖြစ် ပရဟိတအဖွဲ့များစုပေါင်းပြီး ရန်ကုန်မြို့တွင်းရှိ ၉ နေရာသို့ အာဟာရဒါနအဖြစ် ဇွန် ၁၆ ရက်က လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

“ ရည်ရွယ်ချက်က ဆေးရုံနဲ့ ကျွန်တော်တို့ဆိုတာ အထိအတွေ့အများဆုံးဖြစ်တယ်။ ကျွန်တော်တို့က ပရဟိတ အသင်းဖြစ်တယ်။ ဆေးရုံကိုလည်းရောက်တယ် အမြဲတမ်း၊ သုသာန်တွေလည်း အမြဲတမ်းရောက်တယ်။ အဓိကဖြစ်နေတဲ့ပြဿနာက ဆေးရုံမှာ ဆေးဖိုးဝါးခ တတ်နိုင်တာ၊ မတတ်နိုင်တာထက်စာရင် သူတို့စားဖို့၊ သောက်ဖို့ လောလောဆယ် အများကြီး အခက်အခဲဖြစ်တယ်။ အဲဒီအတွက်ကို အမြဲတမ်း တစ်နှစ် တစ်ခေါက် ရောက်အောင်တော့ ဆေးရုံတွေမှာ အမြဲအလှူအတန်းလုပ်ဖြစ်တယ်” ဟု မြန်မာအစ္စလာမ် လူငယ်ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးတင်အေးက ပြောသည်။

အာဟာရဒါနအဖြစ် ထမင်းနှင့်ဟင်း၊ ဆန်ပြုတ်၊ နံနက်ခင်းစားစရာ၊ ထမင်းကြော်၊ ကြာဇံကြော်၊ လက်ဖက်ရည် တို့ကို စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)၊ စံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ လှိုင်သာယာပြည်သူ့ဆေးရုံ၊ ရန်ကုန် အရှေ့ ပိုင်းဆေးရုံးကြီး၊ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၊ အထူးကုဆေးရုံ (သာကေတ)၊ အဖွားများ သုခရိပ်သာ၊ မွတ်စလင်သက်ကြီးဂေဟာတို့တွင် နံနက်အစောပိုင်းမှ စတင်ကာ လှည့်လည်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။


မြန်မာအစ္စလာမ်လူငယ်ဖောင်ဒေးရှင်းမှ  ဦးဆောင်ပြီး လှူဒါန်းခြင်းဖြစ်ပြီး ယခု တတိယအကြိမ် ဖြစ်ကာ ၉ နေရာမှ လူဦးရေ ၆၁၀၀ ဦးအတွက် အားလုံးစုပေါင်းထည့်ဝင်သော ငွေကျပ်သိန်း ၇၀ ခန့် အသုံးပြု လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ အခုလက်ရှိလာတဲ့ လူဦးရေဆိုရင်တော့ အားလုံး (၉)ဖွဲ့ရှိတယ်။ ဘာသာပေါင်းစုံကအဖွဲ့တွေပါ။ ကျွန်တော်တို့ကို လာပြီး ကူညီတဲ့အဖွဲ့တွေလည်း ဘာသာပေါင်းစုံကအဖွဲ့တွေပါ” ဟု ဦးတင်အေးက ဆိုသည်။

အဆိုပါ ဝါကျွတ်အီးဒ်အလှူတွင် ဘာသာပေါင်းစုံမှ ပရဟိတအဖွဲ့များလည်း ပါဝင်ပြီး နောင်နှစ်များတွင်လည်း ပရဟိတအဖွဲ့အားလုံး ပူးပေါင်းပါဝင်စေချင်သည့်အတွက် ယခုနှစ်တွင် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာအစ္စလာမ်လူငယ်ဖောင်ဒေးရှင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly