‘ဒီအချိန်က စောဒကတက်ရမယ့် အချိန်မဟုတ်ပါဘူး။’ - မက်ဆီ

‘ဒီအချိန်က စောဒကတက်ရမယ့် အချိန်မဟုတ်ပါဘူး။’ - မက်ဆီ
Photos: EPA

အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အဓိကပြိုက်ဘက် ကိုလံဘီယာကို ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။

၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု (B)ရဲ့ ပွဲစဉ်မှာ အာဂျင်တီးနားဟာ ကိုလံဘီယာအသင်းကို (၂-၀) ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် မက်ဆီက အာဂျင်တီးနားအသင်းအနေနဲ့ ရှေ့ဆက်သွားဖို့ ကြိုးစားရမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားဟာ ၁၉၇၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားအဖွင့်ပွဲ ရှုံးနိမ့်ခဲ့ရပြီး ကိုလံဘီယာကတော့ ၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ကိုလံဘီယာရဲ့ အနိုင်ဂိုးတွေကို လူစားဝင်ကစားသမား (၂)ဦးက သွင်းယူသွားခဲ့တာပါ။ ပွဲချန် (၇၁)မိနစ်မှာ တိုက်စစ်မှူး မာတီနက်ဇ်က အာဂျင်တီးနားနောက်ခံလူ အာမာနီကို ကျော်ဖြတ်ကာ ပြင်းထန်အားပါတဲ့ ကန်သွင်းချက်နဲ့ ကိုလံဘီယာအတွက် အဖွင့်ဂိုးသွင်းယူသွားပါတယ်။

"ကျနော်တို့ ဒီလိုမျိုးပုံစံနဲ့ ပြိုင်ပွဲကို မစတင်ချင်ပါဘူး။ ဒါပေမယ့် ဒီအချိန်က စောဒကတက်နေရမယ့် အချိန်မဟုတ်ပါဘူး။ ကျနော်တို့ ရှေ့ဆက်သွားဖို့ ကြိုးစားရမှာဖြစ်ပြီး ကျနော်တို့ ဦးခေါင်းကိုမော့ပြီး ဆက်သွားရမှာပါ။ ရှုံးပွဲကြုံတွေ့တဲ့အခါတိုင်း ကျနော်တို့အတွက် နာကျင်ရပါတယ်။ အများအားဖြင့် ကျနော်တို့က ဆိုးရွားမှုတွေကို ယူဆောင်သွားလေ့ရှိတယ်။ အခုချိန်မှာတော့ ကျနော်တို့ ဥရုဂွေးနဲ့ပွဲအတွက် စဉ်းစားရပါတော့မယ်။"လို့ မက်ဆီက ပွဲအပြီးမှာ ပြောပါတယ်။

ပွဲချိန် (၆၈)မိနစ်မှာ နောက်ခံလူ အော်တာမန်ဒီရဲ့ ခေါင်းတိုက်ချက်ကို အော့စ်ပီနာပုတ်ထုတ်လို့ ပြန်ထွက်လာတာကို မက်ဆီ ပြေးဝင်ခေါင်းတိုက်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားလို့ အာဂျင်းတီးအသင်းရဲ့ အကောင်းဆုံးဂိုးသွင်းခွင့်တကြိမ်နစ်နာခဲ့ပါတယ်။

"ဒုတိယပိုင်းမှာ ကျနော်တို့ အခွင့်အရေးတွေရခဲ့ပြီး ဖန်တီးခဲ့ပေမယ့် ကံမကောင်းစွာပဲ ကျနော်တို့ရဲ့ အကောင်းဆုံးအပိုင်းမှာ သူတို့က ဂိုးသွင်းယူခဲ့ပါတယ်။"လို့ မက်ဆီက ဆိုပါတယ်။

ပွဲပြီးခါနီး (၈၆)မိနစ်မှာ လာမာရဲ့ ထောင့်ဖြတ်ဘောကနေ တိုက်စစ်မှူး ဇာပါတာက အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့လို့ အာဂျင်တီးနားတို့ ဂိုးပြတ်အရေးနိမ့်သွားခဲ့ရပါတယ်။

မက်ဆီဟာ အခုဆိုရင် အာဂျင်တီးနားအတွက် နောက်ဆုံး (၁၃) ပွဲမှာ (၁၀)ပွဲအထိ ဂိုးပေါက်ပျောက်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုရယူလိုနေတဲ့ မက်ဆီအတွက်ကတော့ ဒီပွဲရှုံးနိမ့်မှုက စိတ်ပျက်စရာရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။

နောက်ထပ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဗင်နီဇွဲလားနဲ့ ပီရူးတို့ပွဲစဉ်မှာတော့ နှစ်ဖက် ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်ရလဒ်များ

အုပ်စု (B)
အာဂျင်တီးနား ၀-၂ ကိုလံဘီယာ
ဂိုး ရိုဂျာ မာတီးနက်ဇ် (၇၁)မိနစ်
ဒူဗင် ဇာပါတာ (၈၆)မိနစ်

အုပ်စု (A)
ဗင်နီဇွဲလား ၀-၀ ပီရူး

ဘရာဇီးလ် ၃-၀ ဘိုလီဗီးယား
ဂိုး ကော်တင်ဟို (၅၀-P၊ ၅၃)မိနစ်
အဲဗာတန်ဆိုရပ်စ် (၈၅)မိနစ်

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly