ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ သားမက် ကွယ်လွန်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းနည်းကြောင်း စာပို့

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ သားမက် ကွယ်လွန်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းနည်းကြောင်း စာပို့
(ဓာတ်ပုံ- Nay Shwe Thway Aung)

နေပြည်တော်(ဇွန်လ ၁၅ရက်၊။         ။  ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း) ကွယ်လွန်မှုအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ရက်စွဲနဲ့ ဦးသန်းရွှေထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

ဒီစာကို ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေရဲ့ မြေး၊ နေရွှေသွေးအောင်(ခ)ဖိုးလပြည့်က သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်မှာ တင်ထားပြီး စာပေးပို့မှုအတွက် “ကျေးဇူးအထူးတင်ရှိပါသည်” လို့ ဖိုးလပြည့်က ရေးသားခဲ့ပါတယ်။

“Uncle ရှင့်” လို့ အစချီထားတဲ့ ဦးသန်းရွှေထံ ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမှာတော့ “Uncle ၏ သ္မီး၊ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းရပါသည်။ ဗိုလ်မှူးချုပ် သိန်းနိုင် ကောင်းရာ သုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါသည်” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် “Uncle နဲ့ မိသားစုအားလုံး ကျန်းမာစွာဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ” ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာထဲမှာ ရေးသားထားတာ တွေ့ရပါတယ်။

ဦးသန်းရွှေရဲ့သမီး ဒေါ်ခင်ပြုံးရွှေရဲ့ ခင်ပွန်းဖြစ်သူ အသက််(၆၃)နှစ်အရွယ် ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း)ဟာ အစာအိမ်သွေးကြောပေါက်ပြီး ဇွန်လ ၁၃ရက်ညက နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံမှာ ကွယ်လွန်သွားတာပါ။

ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း)ရဲ့ ဈာပနကို တပ်မတော်ဆေးရုံကြီး(ကုတင် ၁၀၀၀)က ငြိမ်းအေးဇရပ်ကနေ ကွေ့ကြီးသုဿာန်မှာ ဒီကနေ့ မီးသင်္ဂြိုလ်ခဲ့ပါတယ်။ သားမက်ဖြစ်သူရဲ့ ဈာပနရှိရာ ငြိမ်းအေးဇရပ်ကို လူမြင်ကွင်းကနေ အတန်ကြာ ကွယ်ပျောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ကိုယ်တိုင်် လာရောက်ခဲ့ပါတယ်။

ဒီဈာပနကို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့အပြင် သမ္မတ(ငြိမ်း) ဦးသိန်းစိန်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ကွေ့ကြီးသုဿာန်မှာတော့ ရဲတွေ လုံခြုံရေးယူထားသလို သုဿာန်အဝ တံခါးကို ပိတ်ထားပြီး လုံခြုံရေးတင်းကြပ်စွာနဲ့ ဈာပနအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း)ဟာ စစ်တက္ကသိုလ် အမှတ်စဉ်၉၂၁)ကျောင်းဆင်း ဖြစ်ပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာ ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ NLD ဦးဆောင်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၁ရခုနှစ်၊ နှစ်ကုန်ပိုင်းမှာ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစား ယူခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးဒေသ၊ ညောင်ပင်သာရွာ ဇာတိဖြစ်တဲ့ ဗိိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း)ဟာ သူ့ရဲ့ ဇာတိ ညောင်ကျိုးဒေသဖွံ့ဖြိုးရေးအပြင် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly