ခွေးများကို အဆိပ်ချခြင်းများ မပြုလုပ်ရန် တိရစ္ဆာန်ချစ်သူများ တောင်းဆို

ခွေးများကို အဆိပ်ချခြင်းများ မပြုလုပ်ရန် တိရစ္ဆာန်ချစ်သူများ တောင်းဆို
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၁၅ ။         ။ ခွေးများကို အဆိပ်ချရှင်းလင်းခြင်း၊ အစာကျွေးခြင်းကို ပိတ်ပင်တားဆီးသည့် အချက်များအပါအဝင်  အခြား အချက်များကို တိရစ္ဆာန်ချစ်သူများက ဇွန် ၁၅ ရက်က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်တောင်းဆိုခဲ့ကြသည်။

" အဓိက ကြောက်နေကြတာပါ။ လူတွေမှာ သတ္တဝါတွေကြောင့် ဖြစ်တဲ့ရောဂါတွေ အများကြီးရှိပါတယ်။ အဓိက ခွေးရူးရောဂါကို ကြောက်နေကြတယ်၊ လူတွေရဲ့ကျန်းမာရေး မထိခိုက်အောင် ၊လမ်းဘေးခွေး ပပျောက်အောင် ၊လူတွေက အဓိက လမ်းဘေးခွေး မရှိစေချင်ဘူး၊ မမြင်ချင်ဘူး၊ လမ်းဘေးခွေးတွေမှာ တော်တော်များ ၉၀ ရာခိုင်နှုန်းကျော်က ခွေးရူးရောဂါပိုး ရှိနေတယ်၊ အကိုက်ခံရရင်ဖြစ်မယ်။ အကိုက်ခံရရင် ဖြစ်မယ်။ ဟုတ် ပြီ။  ဒီဟာကို ပပျောက်သွားအောင် လုပ်ဖို့က ဒီသတ္တဝါလေးတွေကို ဒါကြောင့် ကျွန်မ တိချစ်သူလို့ မပြောဘူး၊ သတ္တဝါပဲ ပြောပါမယ်။ သတ္တဝါကို အဆိပ်ချ ၊နေရာရွှေ့လိုက်ခြင်းအားဖြင့် မ ပပျောက်သွားပါဘူး၊ အဲဒါကို အဓိက သိစေချင်ပါတယ် " ဟု တိရစ္ဆာန်ချစ်သူများဘက်မှ ဒေါက်တာ ငုဝါအောင်က ပြောသည်။

“ လမ်းဘေး တိရစ္ဆာန်လျော့ချရေးအတွက် အဆိပ်ချရှင်းလင်းခြင်းအစား သားထိန်းခြင်းကို ဆောင်ရွက်ပေးမည်။ သားထိန်းပြီးသား တိလေးများ မူလနေရာတွင်သာ ထားခွင့်ပေးရေး၊ ကိုက်တတ်တဲ့ခွေးသာ ဂေဟာပို့ လုပ်ဆောင်မှုအား တိချစ်သူများက တာဝန်ယူမည်၊ အကိုက်ခံရသူများအား ဆေးကုသမှုတိချစ်သူများက တာဝန်ယူမည်။ ဆာလောင်မှု၏ အန္တရာယ်ကြိုတင်ကာကွယ်ရန် စနစ်တကျ အစားကျွေးခွင့်ပေးရေး” စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။

အဆိပ်ချခြင်းကို မနှစ်သက်သူများက စုပေါင်းငွေအလှူထည့်ကာ အဆိုပါကိစ္စရပ်များကို လုပ်ဆောင်သွားမည် ဟု အမေ့ရင်ခွင် (ခွေးဂေဟာပိုင်ရှင်) မဝေဝေမိုး က ဆိုသည်။

" လမ်းဘေးတိရစ္ဆာန်လေးတွေရဲ့ ကိစ္စအဝ၀ သုံးဖို့အတွက်ဆိုပြီး ပဒေသာပင်တည်၊ အဲဒီကိုပဲအလှူငွေထည့်၊ လူတစ်ယောက်ကို ၃၀၀၀၊ ၂၀၀၀၊ ၁၀၀၀ ပဲ ထည့်ထည့်၊ လစဉ်ထည့် ၊ ထည့်ပြီးတဲ့အခါမှ သူ့ရပ်ကွက် ၊ သူ့မြို့နယ်မှာရှိတဲ့ ခွေးလေးတွေကို သားထိန်းတာ၊ ကိုက်တဲ့ခွေး ဂေဟာပို့တာတွေ၊ အကိုက်ခံရတဲ့သူကို ဆေးထိုးပေးတာတွေ ဒါမျိုးလေးတွေကို အစ်မတို့က သုံးစွဲစေချင်တယ်။ အဲဒီလိုမျိုးလုပ်ဖို့အတွက် အစ်မတို့က အများကြီး နှိုးဆော်ပေးမယ်၊ အစ်မတို့ကိုယ်တိုင်လည်း ပါဝင်မယ်၊ မ တည်မယ် ။ အကုသိုလ်ကင်းမဲ့ ပုံစံမျိုးလေးနဲ့ ဖြစ်စေချင်လို့ အစ်မတို့က တောင်းဆိုရုံတင် မကဘူး၊ အစ်မတို့ကိုယ်တိုင် လုပ်ပေးမယ်၊ ဒါကို အစိုးရက Give and take ပေါ့။ တာဝန်ခံမှု၊ တာဝန်ယူမှုကို အစ်မတို့ဘက်က အပြည့်အဝကို လုပ်ပေးမယ်။ ဒီဘက်မှာရှိတဲ့ တိချစ်သူတွေကို အကုန်လုံးကို နှိုးဆော်ပေးမယ် " ဟု အမေ့ရင်ခွင် (ခွေးဂေဟာပိုင်ရှင်) မဝေဝေမိုးက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ခွေးရူးရောဂါ မပျံ့နှံစေရေးအတွက် ရန်ကုန်တိုင်းစည်ပင်သာယာဌာနမှ မြို့တွင်းမြို့နယ် အချို့တွင် လမ်းဘေးခွေးများ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လူမူကွန်ယက်စာမျက်နှာများတွင် တိရစ္ဆာန်ချစ်သူများနှင့် ရပ်ကွက်နေပြည်သူများအကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly