စပါးထားကျေးရွာအနီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များရှိနေသဖြင့် ဒေသခံများ စိုးရိမ်

စပါးထားကျေးရွာအနီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များရှိနေသဖြင့် ဒေသခံများ စိုးရိမ်
ဇွန်လ ၃ ရက်နေ့က စပါးထားရွာအတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီး ကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ

ရန်ကုန် ၊ ဇွန် ၁၅ ။          ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စပါးထားကျေးရွာအနီး၌ မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည် များ ရှိနေခြင်းကြောင့် ဒေသခံရွာသားများအနေဖြင့် သွားလာရခက်ခဲနေပြီး စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း ဒေသခံရွာသားတစ်ဦးဖြစ်သူ ဦးကျော်စိုးက ဆိုသည်။

“လက်နက်ကြီးကျည်တွေက ရွာနားမှာပဲရှိနေတယ်။ လာပြီးဖယ်ရှားတာမျိုးမရှိသေးဘူး။ လက်နက်ကြီး ကျည်တွေရှိနေတဲ့ နေရာကို မသွားရဲဘူးလေ။ ကြောက်နေကြတယ်”ဟု ၎င်းကပြောသည်။

ဇွန်လ ၁၄ ရက်နေ့က စပါးထားကျေးရွာဘုန်းကြီးကျောင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကို ဖယ်ရှားရှင်းလင်းပေးရန် တောင်းဆို ခဲ့ကြ သေးသည်။

ရွာအနီးပတ်ဝန်းကျင်၌ မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သည့် လက်နက်ကြီးကျည် ဆယ်ခုကျော်ခန့်ရှိနေပြီး လက်ရှိအချိန်တွင် လယ်လုပ်ငန်းများ လုပ်ကိုင်ချိန် ဖြစ်သော်လည်း မသွားလာရဲသည့် အခြေအနေ ဖြစ်နေသည်ဟု ဒေသခံရွာသား ဦးကျော်စိုးက ပြောသည်။

“လယ်ထွန်သွားဖို့လည်းမသွားရဲဘူးလေ။ ကြောက်နေကြတယ်။ သက်ဆိုင်ရာက ဘာမှ လာပြီး ပြောတာမျိုးလည်း မရှိသေးဘူး” ဟု ဦးကျော်စိုးက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်နက်ကြီးကျည်များအား ဖယ်ရှားပေးရန် ရှိမရှိ မေးခွန်းကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မဇ္စျိမ မှဆက်သွယ်မေးမြန်းရာ “သက်ဆိုင်ရာနယ်မြေခံတပ်ဖြစ်ဖြစ် ရဲစခန်းဖြစ်ဖြစ် အကြောင်းကြားလိုက်၊ အဲ့လိုဆိုရင် ကျွန်တော်တို့က လုံခြုံရေးအခြေအနေ စိစစ်ပြီး အခြေအနေပေးတယ်ဆိုရင် ကျွန်တော် တို့ဆီက အင်ဂျင်နီယာတပ်တွေ လွှတ်ပြီး ရှင်းလင်းလေ့ ရှိပါတယ်၊ အဲ့အတိုင်းလုပ်ရင်ရပါတယ်” ဟု ဆိုသည်။

အဆိုပါလက်နက်ကြီးကျည်များသည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က ရွာအနီး၌ တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများဖြစ်ပွားရာတွင် ပစ်ခတ်ခဲ့သည့် ကျည်များလည်း ဖြစ်သည်။

ယင်းတိုက်ပွဲကြောင့် ရွာသားများသည် ကျေးရွာဘုန်းကြီးကျောင်းသို့ သွားရောက်ပြီး စစ်ဘေး ရှောင်နေစဉ် ဘုန်းကြီးကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပြီး ဒေသခံရွာသား ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာများ အတွင်းသို့ မကြာခဏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ ယင်းအပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များလည်း တိုက်ပွဲများ ဖြစ်ပွားမှု အပြီးတွင် ကျေးရွာအတွင်း၌ ကျန်ရစ်မှုများလည်း ရှိနေသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly