အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ သားမက် ကွယ်လွန်

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ သားမက် ကွယ်လွန်

နေပြည်တော်(ဇွန်လ ၁၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ သားမက်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်(ငြိမ်း) ဦးသိန်းနိုင်သည် နေပြည်တော်၊ ကုတင်တစ်ထောင်ဆံ့ဆေးရုံတွင် ဇွန်လ ၁၃ရက်၊ ညပိုင်းက ကွယ်လွန်သွားကြောင်း မိသားစုနှင့်နီးစပ်သည့်် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဦးသန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေ၏ ခင်ပွန်းဖြစ်သူ အသက်(၆၃)နှစ်အရွယ်၊ အငြိမ်းစားဗိုလ်မှူးချုပ် ဦးသိန်းနိုင်သည် အစာအိမ်သွေးကြောပေါက်ပြီး ကွန်လွန်သွားခြင်းဖြစ် သည်။

“သေဆုံးသွားတာ မှန်ပါတယ်။ ဦးသိန်းနိုင်၊ အသက် ၆၃နှစ်၊ ဗိုလ်မှူးချုပ် အငြိမ်းစားလို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး(ဦးသန်းရွှေ)ရဲ့ သားမက် ဆိုတာတော့ မသိပါဘူး။ ညနေပိုင်းမှာ ရောက်လာပြီး ညဘက်မှာ ဆုံးသွားတာပါ” ဟု နေပြည်တော်၊ ကုတင်တစ်ထောင်ဆံ့ဆေးရုံမှ အမည်မဖော်လိုသူ ဆရာဝန်ကြီးတစ်ဦးက အတည်ပြုသည်။

စစ်တက္ကသိုလ်အပတ်စဉ် (၂၁)ကျောင်းဆင်း ဦးသိန်းနိုင်သည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် NLD ဦးဆောင်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၂၀၁၆ခုနှစ်က ခန့်အပ်ခံရသည်။ ထို့နောက် ၂၀၁ရခုနှစ်၊ နှစ်ကုန်ပိုင်းတွင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့သည်။

ဦးသိန်းနိုင်ကွယ်လွန်မှုအတွက် ၎င်း၏ တူတော်စပ်သူ နေရွှေသွေးအောင်(ခ) ဖိုးလပြည့် က “ကဲ ဦးရေ.. စောင့်ရှောက်သွန်သင်ပေးခဲ့သမျှ အများကြီး ကျေးဇူးတင်ပါတယ်။ အန်တီပြုံးကိုလည်း ကိုယ့်အမေလိုပဲ ဂရုစိုက် စောင့်ရှောက်သွားပါ့မယ်။ နောင်ဘဝမှားမှာလည်း ဦးလို ပုဂ္ဂိုလ်များနဲ့ ဆုံတွေ့လိုပါတယ်” ဟု ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

ထို့ပြင် အငြိမ်းစား လေတပ်ဦးစီးချုပ် ဦးမြတ်ဟိန်းနှင့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း အပါအဝင် တပ်မတော်အရာရှိကြီးတစ်ချို့ကလည်း “မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း” မှတ်ချက်ပြု ရေးသားထားကြသည်ကို တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly