ငါန်းဇွန် ဆေးခြောက်စိုက်ခင်းကို တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် စိုက်ခဲ့ခြင်းဟု ကုမ္ပဏီဘက်မှရှင်းလင်း

ငါန်းဇွန် ဆေးခြောက်စိုက်ခင်းကို တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် စိုက်ခဲ့ခြင်းဟု ကုမ္ပဏီဘက်မှရှင်းလင်း
 ငါန်းဇွန်တွင် စိုက်ပျိုးထားသည့် ဆေးခြောက်စိုက်ခင်းအား ဧပြီ ၂၄ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-AFP

ရန်ကုန်၊ ဇွန် ၁၄ ။       ။လက်ရှိအမှုရင်ဆိုင်နေရသည့် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဆေးခြောက်စိုက်ခင်းကို တိုင်းဒေသကြီးအစိုးရထံမှ ခွင့်ပြုချက် တောင်းခံပြီးမှသာ စိုက်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီဘက်မှ အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ့ ဦးသိန်းသန်းဦးက ဆိုသည်။

ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ House of Orchid ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းသန်းဦးက ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

 “ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုမိန့်နဲ့ လက်မှတ်ထိုးထားတဲ့ စာရွက် သက်သေရှိတယ်။ ကျွန်တော်တို့ဘက်က တရားရုံးကို သက်သေခေါ်မယ်” ဟု ဦးသိန်းသန်းဦးကဆိုသည်။

အဆိုပါ ဆေးခြောက်အနွယ်ဝင်အပင်များကို IIIM အဟာရဆေးဝါးကုမ္ပဏီမှ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် ယင်းစိုက်ခင်းအကြောင်း ပျံ့နှံ့လာမှသာ မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် FDA မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် စိုက်ခင်းအတွင်းမှ ဆေးခြောက်ဟု ယူဆရသည့် အစေ့၊ အဆီ ၊ အစေးနှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု မူးယစ်ရဲတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့အတွက်ကြောင့် စိုက်ခင်းကြီးကြပ်သူ အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki ၊ စိုက်ခင်းတာဝန်ခံ ကိုရှိုင်းလတ်၊ စိုက်ခင်းဓါတ်ခွဲခန်း လက်ထောက်အကူ မရွှန်းလဲ့မြတ်နိုးတို့အား ဖမ်းဆီးကာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၆(က) (ခ)၊၁၉(က)၊၂၀(က)(ခ)တို့ဖြင့် တရားစွဲဆိုထားသည်။

III M Global Nutraceu-tical ကုမ္ပဏီဘက်ကမူ ၎င်းတို့အနေဖြင့် ဆေးခြောက်ပင် စိုက်ပျိုးရန် ရည်ရွယ်စဉ်းစားခဲ့ခြင်း မရှိသည့်အပြင် စိတ်ကို တက်ကြွစေသော THC ဒြပ်ပေါင်းကို အစဉ်အမြဲ ဆန့်ကျင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly