မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့အား တောင်ဒဂုံဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုံးထုတ်

မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့အား တောင်ဒဂုံဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုံးထုတ်
ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၁၄ ။         ။ အမျိုးသားရေးဝါဒီဟု ဆိုသောမိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ ၂ ဦးကို တောင်ဒဂုံမြို့နယ်တွင် ဘာသာရေး ဆူပူမှုဖန်တီးမှုနှင့်ပတ်သက်ပြီး ဇွန် ၁၄ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

မိုက်ကယ်ကျော်မြင့်က “တရားမဝင်ဗလီတွေ ဆောက်လုပ်ထားပါတယ်ဆိုပြီးတော့ ဝန်ခံလက်မှတ်ထိုးထားတဲ့ ကောင်တွေကြတော့ အရေးယူမှုမရှိဘူးဆိုတာ ခင်ဗျားတို့ စတုတ္ထမဏ္ဍိုင်က စဉ်းစားကြည့်” ဟု တရားခွင်မှ အထွက် အချုပ်ကားပေါ်မှနေ၍ မီဒီယာများသို့ ပြောဆိုသည်။

တောင်ဒဂုံဖြစ်စဉ်မှာ မေ ၁၅ ရက် ညပိုင်းတွင်  မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်သည် တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များမှ  အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာနေရာများ ကို ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးများအား နောင်တွင် အဆိုပါနေရာများ၌ ထပ်မံဝတ်ပြုခြင်း မလုပ်ရန် ညသန်းခေါင်ယံ အချိန်မှာ ခံဝန်ရေးထိုးစေခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ ၂ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က မေ ၁၅ ရက်နေ့က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။

“ ဒီနေ့က တရားခံ နှစ်ယောက် ရုံးရှေ့ရောက်ရှိတယ်။ တရားခံ နှစ်ယောက် ရုံးရှေ့ တင်ပို့လာတယ်။ တရားခံ သီဟမျိုးနိုင်ဘက်ကနေပြီးတော့ တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးကနေပြီး ပါဝါ တင်တယ်။ အဲဒီအတွက် တရားလိုနှင့်လိုပြသက်သေတစ်ဦး စစ်ဖို့ကို ၂၁ ရက် ဇွန်လ ၂၀၁၉ နေ့ကို ချိန်းဆိုထားတယ်” ဟု တောင်ဒဂုံ တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်စန္ဒာမြင့်က မီဒီယာများသို့ ပြောသည်။

အဆိုပါရုံးချိန်းကို အမျိုးသားရေးဆိုသူအချို့က လာရောက်ဝန်းရံခဲ့ပြီး ယင်းလူ ၂ ဦးကို ပန်းကုံးများ၊ သပြေခက် များနှင့် ကြိုဆိုခဲ့ကြသည်ကို တွေ့မြင်ရသည်။

ဖြစ်စဉ်အပြီး တမ်းရှောင်သွားသော မိုက်ကယ်ကျော်မြင့်ကို ဇွန် ၁၀ ရက်နေ့က ဝမ်းတွင်းမြို့နယ်ရှိ ၎င်း၏ ယောက္ခမနေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 “ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်တဲ့ပြစ်မှုကို တစ်ဦး၊ တစ်ယောက်မှ ကျူးလွန်ချင်လာအောင် အများပြည်သူကို လည်းကောင်း အများပြည်သူတို့၏ သီးခြားလွတ်လပ်ခွင့်ကိုသော်လည်းကောင်း၊ ကြောက်ခြင်း ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံဖြင့် ကြံစည်လျှင် (သို့) ထိုသို့ ဖြစ်စေတန်ရာအကြောင်းရှိလျှင်” ပုဒ်မ ၅၀၅(ခ) အရ  တရားစွဲဆိုနိုင်သည်။

မိုက်ကယ်ကျော်မြင့်သည် ၂၀၁၇ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကိုယ်ရေးအရာရှိတို့ကို လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် တရားစွဲဆိုခံရဖူးသူလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly