မုံရွာ ဂရပ်ဖစ်တီ လမ်းကြားတွင် မူးယစ်ဆေးသုံး ပစ္စည်းများတွေ့ရှိ

မုံရွာ ဂရပ်ဖစ်တီ လမ်းကြားတွင် မူးယစ်ဆေးသုံး ပစ္စည်းများတွေ့ရှိ

မုံရွာ၊ ဇွန် ၁၄ ။          ။လူငယ်များသာမက လူကြီးများပါ သွားရောက်ကြသည့် မုံရွာမြို့ရှိ ဂရပ်ဖစ်တီလမ်းကြားတွင် မူးယစ်ဆေးအသုံးပြုပြီး စွန့်ပစ်ထားသည်ဟု ယူဆရသည့် ဆေးထိုးအပ်များတွေ့ရှိနေရသည့် အတွက် အထင်လွဲခံရမည်ကို စိုးရိမ်နေကြကြောင်း ဂရပ်ဖစ်တီဆွဲသူများက မဇ္စျိမကို ပြောသည်။

အဆိုပါဂရပ်ဖစ်တီလမ်းကြားသည် မုံရွာမြိဳ႕ ကန်သာယာအနီးတွင်ရှိပြီး ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့ရှိ ဂရပ်ဖစ်တီ ပညာရှင်များက စုပေါင်းရေးဆွဲထားသည့် နေရာဖြစ်သည်။

" ကျွန်တော်တို့ ပုံဆွဲနေရင်း အပ်တွေဆူးမှာကြောက်ရတယ် နောက်ပြီးတော့ ကျွန်တော်တို့ ပုံဆွဲနေတဲ့ ပတ်ဝန်းကျင်မှာ ဆေးထိုးအပ်တွေပြည့်နေတဲ့အတွက် အထင်လွဲခံရမှာလဲ စိုးရိမ်တယ် ဒီလမ်းကြားမှာ ပုံဆွဲနိုင်ဖို့ အများကြီးကြိုးစားခဲ့ရတယ် မြေဖို့တာတွေ၊ အမှိုက်ရှင်းတာတွေကအစ ရပ်ကွက်ထဲက လူတွေက ဒီနေရာကို သန့်ရှင်းရေးလုပ်ပေးတယ် ဆေးထိုးအပ်တွေ ပြည့်နေတော့ ရပ်ကွက်အတွက်လဲ မကောင်းဘူး " ဟု အဆိုပါနေရာတွင် ဂရပ်ဖစ်တီ ရေးဆွဲသည့် လူငယ်တစ်ဦးက မဇ္စျိမကို ပြောသည်။

တွေ့ရသည့် ဆေးထိုးအပ်များသည် ဂရပ်ဖစ်တီလမ်းကြားတွင် မူးယစ်ဆေးဝါး ထိုးသွင်းအသုံးပြုသည့် ဆေးထိုးအပ်များဖြစ်ပြီး အခြားနေရာတွင် သုံးစွဲပြီး လာရောက်စွန့်ပစ်သည့် ပစ္စည်းများ မဖြစ်နိုင် ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။

" မီးတွေစပျက်တဲ့ မေလလောက်က ညဆိုင်ကယ်စီးထွက်ရင်း လမ်းဘေးအမှိုက်ပုံးဒေါင့်ကို ကွယ်ပြီး နံပတ်ဖိုးထိုးနေတဲ့ လူနှစ်ယောက်ကို တွေ့ခဲ့တယ် မသေချာမှာဆိုးလို့ သုံး ခေါက်လောက် ပြန်ကြည့်ခဲ့တယ် လက်နှိပ်ဓာတ်မီးထွန်းပြီး ထိုးနေကြတာတွေ့ခဲ့တယ်" ဟု အမည်မဖော်လိုသည့် ဒေသခံလူငယ်တစ်ဦးက မဇ္စျိမကို ပြောသည်။

မုံရွာမြို့ရှိ လမ်းမပေါ်တွင် ယခုကဲ့သို့ ထင်ထင်ပေါ်ပေါ် မူးယစ်ဆေးအသုံးပြုမှုနှင့် ပက်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို မြို့ခံများက စိတ်ဝင်စားနေပြီး တိုင်းအတွင်း မူးယစ်ဆေးကင်းစင်စေရန် မူဝါတစ်ရပ်ချမှတ်ကာ လုပ်ဆောင်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required